၂၆၊ ၂၆ - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၆၊ ၂၆ - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
by -
မဇ္စျိမ

ကမ္ဘာ့သမိုင်းမှာရော၊ မြန်မာ့သမိုင်းမှာပါ နိုင်ငံရေးအကျပ်အတည်းနှင့် ကြံုတွေ့ရပါက ဖိနှိပ်ခံ ပြည်သူတို့၏ ဆန့်ကျင်အုံကြွမှုကို အာဏာရအစိုးရများ ရင်ဆိုင်ရလေ့ရှိသည်။ ထိုသို့ ရင်ဆိုင်ရပါက အာဏာရ အစိုးရ အနေနှင့် ဆန့်ကျင်အုံကြွမှု ရပ်တန့်သွားစေရန် နည်းမျိုးစုံနှင့် ဖိနှိပ်တတ်လေသည်။

လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်တွင်မြန်မာနိုင်ငံသည် ပြာပုံဘဝမှ ပြန်လည်ထူထောင်ရန် အင်္ဂလိပ်အစိုး ရထံမှ အကြွေးကုဋေ ၂၀ ချေးခဲ့ရပြီး ၁၉၄၈ ခုနှစ်မှ လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးရပြီးချိန်မှ ဦးနေ ၀င်းအာဏာသိမ်းသည့် ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံသည် အကြွေးကုဋေ ၂၀ ကြေခဲ့ပြီး ဖြစ်သည့်အပြင် မြန် မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့လေသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ရှေ့နေဦးကိုနီက“လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရခဲ့ ဘူး၊ ဒါပေမဲ့ အဲဒီလောက် နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေဆိုးနဲ့ ကြံုခဲ့ရတာတောင် ကျွန်တော်တို့ မြန် မာနိုင်ငံရဲ့စီးပွားရေးက အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်၊ မတ်လ မတိုင်ခင်မှာ အရှေ့တောင်အာရှမှာ အချမ်း သာဆုံး၊ အခု စင်ကာပူပိုင်တဲ့ဘွဲ့ကို လွန်ခဲ့ တဲ့ ၅၁ နှစ်က ကျွန်တော်တို့ ပိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ သည်။

ထိုသို့ အခြေအနေကောင်းနှင့် ကြံုခဲ့ရသည်မှာလည်း ထိုအချိန်က အသုံးပြုသည့် ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့ သည့် အခြေခံဥပဒေက ကောင်းမွန်သောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် နေ့၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းလိုက်ချိန်မှစတင်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအား ပြည် သူပိုင်သိမ်းခြင်း၊ ပညာရေးလွတ်လပ်ခွင့်များအား ပိတ်ပင်လိုက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်အား ဆိုရှယ်လစ်စနစ်ဖြင့် ချီတက်ခဲ့လေသည်။ ဆိုရှယ်လစ်စနစ်ဟု ဆိုသော်လည်း မြန်မာ့နည်း၊ မြန်မာ့ဟန်သာ ဖြစ်သဖြင့် ဦးနေဝင်း ဦးဆောင်သည့် ၎င်းနှင့် နီးစပ်သည့် စစ်ဗိုလ်ချုပ်များသာ ကောင်းစားခဲ့လေသည်။

ပြည်သူအများစုမှာ ဆင်းရဲတွင်း နစ်ခဲ့ရလေသည်။ ထို့ကြောင့် တိုင်းပြည်တွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ ပြီး အကြမ်းဖက် ဖြိုခွဲနည်းဖြင့် အဆုံးသတ်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခု ဖြစ်ခဲ့ရလေသည်။ မြေပေါ်၊ မြေအောက် သယံဇာတ ပေါများလှသည့် မြန်မာပြည် အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ခဲ့ရသည်နှင့် ပတ်သက်ပြီး ထိုအချိန်က စက်မှုတက္ကသိုလ်တွင် ပညာသင်ကြား ခဲ့ပြီး ယခုပြည်သူ့ခေတ်၏ ပင်တိုင်ဆောင်းပါးရှင် ကိုဝက “အဓိက ကတော့ အစိုးရရဲ့ စီမံခန့်ခွဲမှုတွေက မှားယွင်းခဲ့တယ်။ အဲဒီအချိန်မှာ ငွေကြေးဖောင်းပွမှုတွေ အရမ်းများနေတယ်။ ပြည်သူတွေဆိုရင်လည်း အရမ်း ဆင်းရဲကြတယ်။ နိုင်ငံရေးအရလည်း လူတွေကို ဖိနှိပ်ထားတယ်။ အဲဒါတွေကြောင့် ပြည်သူတွေ တအုံနွေးနွေးနဲ့ မကျေနပ်ဖြစ်နေခဲ့တယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

ထိုသို့ စီးပွားရေးကျပ်တည်းနေချိန် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလတွင် ငွေစက္ကူ များအား ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲ ဖျက်သိမ်းခဲ့သည့်အတွက် တစ်တိုင်းတစ်ပြည်လုံး ဆင်းရဲရုံတင်မက မွဲတေသည့် အဆင့် သို့ပင် လျော့ကျခဲ့ကြသည်။ ပြည်သူများက အာဏာရအစိုးရကို မနှစ်သက်ယုံ တင်မကတော့ဘဲ အစိုးရ အပေါ် အယုံအကြည် မရှိတော့ပေ။

အစိုးရနှင့်ပြည်သူတို့အကြား ယုံကြည်မှု ပျောက်ဆုံးနေချိန် ၁၉၈၈ ခုနှစ်၊ မတ်လတွင် မထင်မှတ်ဘဲ စက်မှု တက္ကသိုလ်ကျောင်းသားများနှင့် ရပ်ကွက်နေ လူငယ်အချို့ လက်ဖက်ရည်ဆိုင်မှ စတင်ခဲ့သည့် ပြဿနာ သည် မြန်မာပြည်တစ်နံတစ်လျားရှိ တက္ကသိုလ်များသို့ ပျံ့နှံ့သွားခဲ့ပြီး မတ်လ တွင်ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းမှ စတင်ကာ သြဂုတ်လတွင် ပြည်သူအားလုံးပါ၀င်သည့် အထွေထွေသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဟံသာဝတီဦးဝင်းတင် မကွယ်လွန်ခင်က စာရေးသူကိုယ်တိုင် သွား ရောက် မေးမြန်းခဲ့သည့် တွေ့ဆုံခန်းတွင် “ပြည်သူတွေက စီးပွားရေး၊ လူမှုရေး ချွတ်ခြံုကျနေတဲ့ အပေါ်မှာ နိုင်ငံရေးအရ သိပ်ဖိနှိပ်တဲ့အပေါ်မှာ မကျေနပ်ကြဘူး။ အပြောင်းအလဲကို လိုချင်ကြတယ်။ ဒါပေမဲ့ အစိုးရ က အာဏာကို ဆက်ပြီးတော့ ချုပ်ကိုင်ထားချင်တယ်။ ဒီတော့ ဒီအပေါ်မှာ ဆက်ပြီးဖိနှိပ်ဖို့ ပြင်တယ်။ ပြည် သူကလည်း မလျှော့တော့ဘူးဆိုတဲ့ စိတ်မျိုးနဲ့ ဆန့်ကျင်အံတုခဲ့တယ်။ ကမ္ဘာကတောင် အံ့သြခဲ့ရတဲ့ ရှစ်လေး လုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဆိုတာ ပေါ်လာတာပဲ” ဟု ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်ခဲ့ရ သည့် အကြောင်းရင်းကို ရှင်းလင်းပြခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်မှ အာဏာသိမ်းခဲ့ခြင်းဖြင့် အဆုံးသတ် လိုက်လေသည်။ ထို့ နောက် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတစ်ခုကို ကျင်းပပေးခဲ့သော်လည်း ထိုရွေးကောက်ပွဲမှ အနိုင်ရခဲ့ သည့် ပါတီကိုတော့ အာဏာမအပ်ခဲ့ပေ။ ၁၉၉၃ ခုနှစ်မှ စတင်ပြီး အခြေခံဥပဒေရေးဆွဲရန်အတွက် အမျိုး သားညီလာခံတစ်ခုကို ခေါ်ယူခဲ့ပြီး ထိုညီလာခံတွင် ကိုယ်စားလှယ် ၆၀၀ ကျော်ရှိသည့်အနက် ပထမပိုင်း တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၀၀ ကျော် ပါ၀င်ခဲ့သော်လည်း နောက်ပိုင်းတွင် ရွေးကောက်ခံ ကိုယ် စားလှယ်များအား အကြောင်းအမျိုးမျိုးပြကာ ထုတ်ပယ်ခဲ့ကာ ပြည်သူ့ကိုယ်စားလှယ် အနည်းငယ်ဖြင့် ၁၅ နှစ်ကျော်အချိန်ယူကာ အခြေခံဥပဒေကို အပြီးသတ်ရေး ဆွဲခဲ့၏။ ထို့နောက် ၂၀၀၈ ခုနှစ်မေလတွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်သူသိန်းနှင့်ချီသေဆုံးခဲ့ချိန်၊ ပြည်သူ သန်းနှင့်ချီကာ ဒုက္ခရောက်နေချိန်၊ နိုင်ငံတကာမှ အချိန်ရွှေ့ဆိုင်းပေးရန် မေတ္တာရပ်ခံနေသည့်ကြားက အဓမ္မ အတည်ပြုခဲ့လေသည်။

၀ါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေက “ဒီအခြေခံဥပဒေကို ပြည်သူတွေ လက်သင့်မခံနိုင်ဘူး ဆိုတာကို သူတို့ သဘောပေါက်ကြပါတယ်။ ဒါကြောင့် ပြည်သူတွေ အပူသောကရောက်နေချိန်မှာ အတင်းအတည်ပြု ခဲ့တာပါ။ အဓိက ကတော့ နိုင်ငံရေးထဲမှာ တပ်မတော်က ထဲထဲဝင်ဝင် ပါ၀င်လို့ရမှ သူတို့ ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ အကာအကွယ်ရမှာ ဖြစ်တယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်လို့ ရ နေမှာလည်း ဖြစ်တယ်။ ဒါကြောင့်လည်း အခုအချိန်မှာ နိုင်ငံရေး အကျပ်အတည်းတွေဖြစ်နေတာ” ဟု သုံး သပ်ခဲ့သည်။

၂၀၀၈ အခြေခံဥပဒေသည် ပြည်သူများအကြား အငြင်းပွားဖွယ်ရာ အခြေအနေများဖြင့် ရေးဆွဲထားရုံ သာမက၊အငြင်းပွားဖွယ် အခြေအနေများဖြင့်လည်း အတည်ပြု ပြဋ္ဌာန်းထားခဲ့ခြင်း ဖြစ်လေသည်။ ထို့ ကြောင့် ပြည်သူအများက မနှစ်သက်၊ လက်မခံလိုကြပေ။

၂၀၁၃ ခုနှစ်အတွင်း NLD က ပြု လုပ်သည့် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲများအား ပြည်သူများက တက်ရောက် နားထောင်ခဲ့ကြသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အတွက်လေးပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အပေါ် သမ္မတရုံး၏ ထုတ်ပြန်ချက်သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက စစ်အစိုးရ၏ အကြောင်းပြချက်များပင်ဖြစ် ပြီး ပြုပြင်ပြောင်းလဲလိုသည့် အခြေအနေကို မတွေ့ရပေ။ ထို့ကြောင့်လည်း ဥရောပသမဂ္ဂ၊ အမေရိကန် အစိုးရတို့က အခြေခံဥပဒေပြုပြင်ရေးကို ပြုလုပ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ မဖြစ်စေ ရန်ပိတ်ပင်ထားသည့် ပုဒ်မ ၅၉(စ) အားပြင်ဆင်ပေးရန် တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း အခြေခံဥပဒေမှ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ရန်အတွက် လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ လေ့လာစောင့်ကြည့်ရေး ကော်မတီထံသို့ ပြည်သူတစ်သိန်းက လက်မှတ်ရေးထိုး ပေးပို့ သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပေးပို့ခဲ့ကြောင်းကိုလည်း သိရ သည့်အခါ ပြည်သူတို့ ဒေါသထွက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်ထားသည့် ပုဒ်မ ၅၉ နှင့်၊ ပုဒ်မ ၄၃၆ တို့အား ပြုပြင်ပေးရန် လမ်းပေါ်ထွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆက်တွဲ ထွက်ပေါ်လာသည့် သတင်းများအရ လက်မှတ်ထိုးခဲ့သည့် လူတစ်သိန်းမှာ မည်သူမည်ဝါဖြစ်ကြောင်း တိ တိကျကျ မပြောနိုင်သည့်သူများ ဖြစ်သည်ဟုလည်း သိခဲ့ရသည်။

ပြည်သူလူထုအကြား ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လမ်းပေါ်ထွက်ဆန္ဒပြရန် လိုအပ်သည် ဟု ထင်မြင်ယူဆလာခဲ့ကြသည်။ ဇွန် ရ ရက်က UMFCCI တွင်ပြုလုပ်ကျင်းပသည့် မြန်မာနိုင်ငံအသွင် ကူး ပြောင်းရေးကာလ အနာဂတ်မှန်းဆချက်များ ဆွေးနွေးပွဲတွင် MPC မှ ဥပဒေအကြံပေးဖြစ်သူ ဆလိုင်းငွန် ကျုံးလျန်က အခြေခံဥပဒေပြင်ဆင်ရန် စောသေးသည်ဟု အဓိပ္ပာယ်ထွက်သည့် ဟောပြောချက်များကို ဟောပြောခဲ့ပြီး ထိုဟောပြောချက်များသည် သမ္မတရုံး၏ အာဘော်ဖြစ်ပါက အခြေခံဥပဒေအား ပြည်သူ များ စိတ်ကျေနပ် လောက်အောင် ပြင်ဆင်မည်ဟု မထင်ပါ။

ထို့ကြောင့် စာရေးဆရာထက်မြက်က “စစ်တပ်နဲ့ အစိုးရဘက်က အခြေခံဥပဒေကို မပြင်ဘူးလို့ဆိုရင် နိုင်ငံတကာရဲ့ ဖိအားက ပြင်းထန်လာမယ်။ အထူးသဖြင့်တော့ အမေရိကန်နဲ့ အနောက်အုပ်စုပေါ့။ အရင် ကတော့ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုက တစ်စုံတစ်ရာ ရခဲ့ပေမယ့် မပြင်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ခိုက်မှုကို ခံရမှာပဲ။ ဒါကြောင့် အစိုးရအနေနဲ့ အကြီးဆုံး အကျပ်အတည်း ကြံုရနိုင်တယ်။ အခြေခံဥပဒေကို မပြင်ဘူးလို့ မိုက်မိုက်ကန်းကန်းနဲ့ ငြင်းနေရင် တိုင်းပြည်ရဲ့ အခြေအနေ က အဆိုးဆုံးအခြေအနေ ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် စစ်အုပ်စုအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ တူနေပါလိမ့်မယ်” ဟုလည်း လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ခဲ့သည်။

မည်သို့ပင်ဆိုပါစေ၊ ၁၉၈၈ မှ ၂၆ နှစ် ကြာသည့်အချိန်တွင် တိုက်ဆိုင်လှစွာဖြင့် အာဏာရအစိုးရအနေဖြင့် နိုင်ငံံရေး အကျပ်အတည်းများကို ရင်ဆိုင်နေရချိန်လည်း ဖြစ်နေသည်။ အစိုးရအနေနှင့် နိုင်ငံရေး အကျပ် အတည်းများမှ လွတ်မြောက်အောင် မရုန်းကန်နိုင်ပါက ပြည်သူတို့၏ ဆန့်ကျင်အုံကြွမှုကို ၂၆ နှစ်အကြာ တွင် တစ်ကျော့ပြန် ရင်ဆိုင်ရတော့မည်မှာ အမှန်ပင်။