လက်ရှိအချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတိုက်အခံနိုင်ငံရေးအင်အားစုများကဆောင်ရွက်နေသော် လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများသည် ကာလအတိုင်းအတာတစ်ခုထိ လက်တွေ့ကျင့်သုံးပြီးမှ အားသာချက်၊ အားနည်းချက်များကို အချိန်ယူလေ့လာ သုံးသပ်ပြီး အမှားအယွင်းနည်းအောင် ပြင်ဆင်ဆောင်ရွက်လေ့ရှိသည်ကိုတွေ့ရသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။
နေပြည်တော်တွင် ဇွန်လ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကို လမ်းညွှန်မှာကြားခြင်း အခမ်းအနားတွင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမ္မတ ဦးသိန်းစိန်က ယင်းသို့ ထည့်သွင်းပြောကြားလိုက် ခြင်းဖြစ်သည်။
လက်ရှိ အချိန်တွင်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပြည်သူတို့ထံမှ လက်မှတ်များ ကောက်ခံနေသည်။
သမ္မတ ဦးသိန်းစိန်က “ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းကို လေ့လာကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် နိုင်ငံအတွက် လိုအပ်တဲ့ဥပဒေတွေကို ပြဋ္ဌာန်းပြီးတဲ့အခါမှာ ကာလအတိုင်းအတာတစ်ခုထိ လက်တွေ့ ကျင့်သုံးကြည့်ပြီး အားသာချက်၊ အားနည်းချက်တွေကို အချိန်ယူပြန်လည် လေ့လာသုံးသပ်ပြီးမှ အမှားအယွင်း နည်းအောင် ရေရှည်မြော်မြင်ပြီး ပြင်ဆင်ဆောင်ရွက်လေ့ရှိကြတာ တွေ့ရှိရပါတယ်” ဟု မိန့်ခွန်းတွင် ပြောသည်။
လွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များသည် အချိန်မီပြဋ္ဌာန်းရန် ဥပဒေများကျန်ရှိနေသည် ဟုလည်း ပြောကြားသည်။
နိုင်ငံရေးအင်အားစုများကလည်း ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းများကိုရှောင်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာရမည်ဟုလည်း သမ္မတက ပြောသည်။
အရေးယူသင့်သည့် ၀န်ထမ်းများကိုလည်း အရေးယူရန်လိုပြီး ၀န်ကြီးဌာနများတွင် အချို့သည် သိသာစွာ တိုးတက်ပြောင်းလဲလာသော်လည်း မပြောင်းလဲသေးသည့်၊ စွမ်းဆောင်ရည် ကျဆင်းနေသည့်ဌာနများ ရှိနေသောကြောင့် ၀န်ထမ်းများစွမ်းဆောင်ရည်ပြည့်အောင် capacity building တည်ဆောက်ခြင်း၊ ယှဉ်ပြိုင်မှုဖြင့် ရာထူးအဆင့် တိုးပေးခြင်း၊ အရေးယူသင့်သည်ကို အရေးယူခြင်းဖြင့် အုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် တိုးမြင့်အောင်ဆောင်ရွက်သင့်သည်ဟုလည်း ၀န်ကြီးများကို တိုက်တွန်းလိုက်သည်။
လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင်ကလည်း လွတ်လပ်စွာရပ်တည်ပြီး ပီပြင်စွာဆောင်ရွက်သွား ရန်လည်း ၎င်းကပြောကြားသည်။
ပညာရေးကဏ္ဍတွင်လည်း ဘဏ္ဍာငွေ ပိုမိုသုံးစွဲမည်ယင်းအပြင် ပညာရေးကဏ္ဍတွင်လည်း လာမည့်နှစ်တွင် ဘဏ္ဍာငွေကြေး ပိုမိုသုံးစွဲပြီး အရှိန်အဟုန်မြှင့်တင်မည်ဖြစ်သောကြောင့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ မိဘများကလည်း ပညာရှင်များနှင့်ဖွ့ံဖြိုးမှု မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ နီးနီးကပ်ကပ် ညှိနှိုင်း ပူးပေါင်းသွားရန်လည်း ပြောကြားသည်။
ယင်းအပြင် ပြည်နယ်နှင့်တိုင်းများတွင် ရန်ကုန်နှင့် မန္တလးကဲ့သို့ အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မီစက် ကိရိယာများ ဖြည့်ဆည်းရန်ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။
အလုပ်လက်မဲ့ စာရင်းများကောက်၍ အလုပ်အကိုင်ရရှိရေးဆောင်ရွက်သွားမည်ဟုလည်း သမ္မတ၏ မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားသည်။