ဆန္ဒပြအပြီး ဘုရားမဲဖောက်ပေးသည့် ပြည်ခိုင်ဖြိုးကိစ္စ အသေးစိတ်စုံစမ်းရန် ဒေါ်စု ညွှန်ကြား

ဆန္ဒပြအပြီး ဘုရားမဲဖောက်ပေးသည့် ပြည်ခိုင်ဖြိုးကိစ္စ အသေးစိတ်စုံစမ်းရန် ဒေါ်စု ညွှန်ကြား
by -
မဇ္စျိမ

အခြေခံဥပဒေပုဒ်မ ၅၉-စ (သမ္မတ အရည်အချင်းသတ်မှတ်ချက်) မပြင်ရန် ဆန္ဒဖော်ထုတ်အပြီး ဗုဒ္ဓရုပ်ပွားတော်များ မဲဖောက်ပေးခဲ့သည့် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဆောင်ရွက်မှုကို အသေးစိတ်စုံစမ်းရန် သက်ဆိုင်ရာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်ပြီဖြစ်သည်။

“အဲဒီဆန္ဒပြပွဲရဲ့ အသေးစိတ်အစဉ်ကို ပို့ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကတစ်ဆင့် ပြောထားတယ်ပေါ့ဗျာ” ဟု ဇလွန်မြို့နယ်(NLD)အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းနိုင်ထွန်း က ဇွန် ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ ၎င်းနှင့် နီးစပ်သည့်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပို့ဖို့လုပ်နေပါတယ်။ အချိန်တော့ သေချာမပြောတတ်သေးဘူး။ လူသက်သေ (ဆန္ဒပြခဲ့သူ) စသဖြင့် အချိန်ယူရမှာဖြစ် လို့လေ”ဟု ဦးလင်းနိုင်ထွန်းက ရှင်းပြသည်။

ဇလွန်ပြည်ခိုင်ဖြိုးပါတီက မေလ ၁၅ ရက်တွင် လူဦးရေ ၅,၀၀၀ ခန့်ဖြင့် ဆန္ဒပြခြင်း၊ ဘုရားမဲဖောက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း ပါ၀င်ခဲ့သူအချို့ကမူ ဆန္ဒဖော်ထုတ်ပွဲကို ကြိုတင်မသိရှိခဲ့ဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က ဘုရားပင့်ဖို့သွားကြတာပဲ။ သူတို့ကလည်း အဲလိုမျိုး (ဆန္ဒထုတ်ဖော်ဖို့) ပြောပြီးတော့လည်း မခေါ်ကြဘူးလေ။ ဘုရားပေးဖို့ဆိုတော့လည်း ကျွန်တော်တို့ကသွားကြတာပေါ့။ ၅၉(စ)ဆန့်ကျင်ဖို့ ခေါ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဒီပုဒ်မတွေဘာတွေလည်း အကျွမ်းတဝင်မရှိဘူးလေဗျာ။ ကိုယ်အကျွမ်းတဝင် မရှိတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ကသွား ဖြစ်ချင်မှသွားဖြစ်မယ်” ဟု ဇလွန်မြို့နယ်၊ ဥသျှစ်ကွင်းကျေးရွာအုပ်စု၊ တောင်ညိုလေးကျေးရွာမှ ဒေသခံတစ်ဦးက နောက်တစ်ရက်တွင် မဇ္ဈိမကို ပြောသည်။

ဦးဆောင်ခဲ့သူ ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးချိုမြင့်ခိုင်ကမူ မေ ၁၅ ရက် ဆန္ဒဖော်ထုတ် ပွဲအပြီး၌ပင် ဗုဒ္ဓရုပ်ပွားတော် ၈၀၀ ခန့် မဲဖောက်ပေးခဲ့သည်ဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်က ဒီပွဲကိုရည်ရွယ်ပြီး ဘုရားတွေကို ဆောင်ထားတာ မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်က ပုံမှန် လုပ်နေတာ ခင်ဗျ။ ဒီတစ်ခါနဲ့ဆို လေးခါလောက်ရှိပါ ပြီ”ဟု ၎င်းက ပြောသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် အဆိုပါ ဆန္ဒပြပွဲ၏ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ၊ ဆန္ဒပြသူများ၏ ထွက်ဆိုချက်များကို ဇလွန်မြို့နယ် NLD က စုဆောင်းနေပြီဖြစ်သည်။ NLD ဗဟို အင်န်အယ်လ်ဒီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းကလည်း ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားစာပေးပို့သွားမည် ဟုပြောသည်။

“အဲဒီပြဿနာကို ဥပဒေနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိ ကြည့်မှာပေါ့။ ငြိစွန်းခြင်းရှိလို့ရှိရင် ကျွန်တော်တို့က ဥပဒေနဲ့ အညီ သတင်းထုတ်ပြန်မယ်။ အကြောင်းကြားစာပေးပို့မယ်” ဟု ပြောသည်။

မေ ၂၆ ရက်ကလည်း ယင်းကိစ္စ အရေးယူဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ NLD က အကြောင်းကြားစာ ပေးပို့ပြီးဖြစ်သည်။ သို့သော် ပြည်ထဲရေးနှင့်သာသက်ဆိုင်ပြီး လုပ်ပိုင်ခွင့်မရှိဟု ရွေးကောက်ပွဲကော်မရှင်က မေ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။