သျှမ်း နှစ်ပါတီ ပေါင်းစည်းရေး ဖိအား ပေးရန် မိုင်းရှူး မြို့နယ် ကျားဖြူ ပါတီဝင် များအားလုံး နုတ်ထွက်

သျှမ်း နှစ်ပါတီ ပေါင်းစည်းရေး ဖိအား ပေးရန် မိုင်းရှူး မြို့နယ် ကျားဖြူ ပါတီဝင် များအားလုံး နုတ်ထွက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပါတီ နှစ်ခု ပေါင်းစည်းရေးအတွက် ဖိအား ပေးသည့် အနေဖြင့် သျှမ်းပြည် တောင်ပိုင်း မိုင်းရှူး မြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဖျက်သိမ်း ကာ မြို့နယ် အလုပ်အမှုဆောင်များ အားလုံ နုတ်ထွက် ကြောင်း စုံစမ်းသိရှိ ရပါသည်။

၎င်းနှင့်ပတ်သက်၍  ၂၀၁၄ မေ ၂၆ ရက်နေ့က တောင်ကြီးမြို့ရှိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီ ရုံးချုပ်ထံသို့ အကြောင်းကြားစာပေးပို့ခဲ့ပြီးဖြစ် ကြောင်း မိုင်းရှူးကျားဖြူပါတီ အတွင်းရေးမှူးက ဤကဲ့သို့ပြောပြပါသည်။

sndp

``ကျမ တို့ ၂၅ ရက်နေ့မှာ အစည်းအဝေးထိုင်တယ်။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်လိုက် တာပါ။ ကျမတို့နုတ်ထွက်တယ်ဆိုတော့ ကျမတို့မြို့ရဲ့ ပါတီဝင် သုံးရာကျော်လည်း အားလုံးထွက်လိုက်တဲ့ သဘောပေါ့။ ပါတီ နှစ်ခုပေါင်းဖို့ ကျမတို့တောင်းဆိုတာကြာပြီ။ အခုထက်ထိမပေါင်းနိုင်သေးဘူး။ ဘယ်သူ့ကိုရွေးရမလဲဆိုပြီး လူထု ဇဝေဇဝါမဖြစ်အောင်လို့ပါ။   ကျားခေါင်းပါတီထဲ ၀င်ဖို့ ပြင်ထား တဲ့လူတွေလဲရှိပါတယ်´´

မိုင်းရှူးမြို့ ကျားဖြူပါတီမှ တရားဝင် နှုတ်ထွက်သူများ စာရင်းမှာ နာယက စိုင်းအောင်ဖေ၊ ဥက္ကဌ စိုင်းအုန်း၊ ဒုဥက္ကဌ စိုင်းလိုင်းဇင်၊ အတွင်းရေးမှူး နန်းကောင်ခမ်း၊ တွဲဖက်အတွင်းရေးမှူး နန်းကြိမ်ခမ်း တို့ ဦးဆောင်သည့် ၁၈ ဦး တို့ဖြစ်သည်။

တောင်ကြီးမြို့ ကျားဖြူပါတီ ရုံးချုပ်မှ ပုဂ္ဂိုလ်တဦးက “  ပါတီစုံဒီမိုကရေစီဆိုတာ ဒီအတိုင်းပဲ။ မကြိုက် ရင်ထွက် ကြိုက်ရင်ဝင်ပေါ့ ။  သူတို့နုတ်ထွက်စာလဲရောက်လာပါပြီ ” - ဟု ပြောသည်။

မိုင်းရှူးမြို့ကျားဖြူပါတီဝင်များ နှုတ်ထွက်သော်လည်း တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းကျေးရွာအုပ်စု တွင်လည်းကောင်း၊ နမ့်ခမ်းမြို့နယ်  ၀မ့်ကောင်းနောင်တွင်လည်းကောင်း ကျားဖြူရုံးများ ဆက်တိုက် ဖွင့်လှစ်ခဲ့သည်။

မတ်လပိုင်းကလည်း  ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ်  သုံးဦး ပါတီမှ နှုတ်ထွက်ပြီး ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကစီအဖွဲ့ချုပ် နှင့် ပူးပေါင်းလိုက်သည်။