နအဖတပ်ကို ကရင်နှင့်ပအို၀်း ပူးပေါင်း ခြံုခိုတိုက်ခိုက် နအဖ ၁၂ ဦး သေဆုံး

နအဖတပ်ကို ကရင်နှင့်ပအို၀်း ပူးပေါင်း ခြံုခိုတိုက်ခိုက် နအဖ ၁၂ ဦး သေဆုံး
by -
ဇော်ကြီး
ပအို၀်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် မြန်မာစစ်အစိုးရ တပ်မှ အကျအဆုံးများပြီး လက်နက်များ သိမ်းဆည်းရမိ ...

ပအို၀်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် မြန်မာစစ်အစိုးရ တပ်မှ အကျအဆုံးများပြီး လက်နက်များ သိမ်းဆည်းရမိသည်။

PNLA နှင့် KNLA ပူးပေါင်းတပ်တို့သည် ယနေ့နံနက် ၁၀ နာရီက မြန်မာစစ်အစိုးရတပ်ဖွဲ့တဖွဲ့အား ခြံုခို တိုက်ခိုက်ခဲ့ရာ စစ်အစိုးရတပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အလောင်း ၁၂ လောင်းနှင့်အတူ လက်နက် ၁၃ လက်ကို သိမ်းဆီးရမိသည်ဟု ပအို၀်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“အဲဒီတိုက်ပွဲမှာတော့ အဲဒီီမှာပါလာတဲ့ သူတို့(စစ်အစိုးရ)စစ်ကြောင်းရဲ့ အင်အားက အားလုံး ၁၂ ယောက် လောက်ပဲရှိတယ်လို့ ကျနော်တို့သိရတယ်။ အဲဒီ ၁၂ ယောက်လုံးပါပဲ ကျနော်တို့တပ်ဖွဲ့က ခြံုခိုတိုက်ခိုက်လိုက်တော့ အားလုံး အလောင်း ၁၂ လောင်းကိုလည်း သိမ်းဆီးလိုက်ရတယ်။ ကျနော်တိုု့ လက်နက်ခဲယမ်းမျိုးစုံ ကြီးကြီးငယ်ငယ်ကိုလည်း ၁၃ လက် သိမ်းပိုက်ရရှိတယ်ခင်ဗျ။ နောက် ကျနော် တို့ စကားပြောစက်အငယ် ၂ လုံး၊ အကြီး ၁ လုံး နောက်မြေပုံတစ်ချပ် အဲတာသိမ်းဆီးလိုက်ရတယ်။”

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၌ PNLO မှ ဒုတိယဗိုလ်မှူးကြီး စန်းယုဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ အင်အား ၅၀ ကျော်က မြန်မာစစ်အစိုးရ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းမှ ဗိုလ်မှူး မျိုးမင်းထွန်း ဦးစီးသည့် ၁၂ ဦးပါ တပ်ဖွဲ့အား ခြံုခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ စက်လတ် ၁ လက်၊ RPG-9 တစ်လက်၊ MA-1 လေးလက်၊ MA-2 တစ်လက်၊ MA-3 နှစ်လက်၊ MA-4 တစ်လက်၊ 9mm နှစ်လက် နှင့် လမ်းလျှောက်စကားပြောစက် အသေးနှစ်လုံး၊ အကြီး တစ်လုံး၊ မြေပုံ တစ်ချပ်တို့ကို သိမ်းဆီးရမိခဲ့သည်။

PNLA နှင့် KNLA တပ်တို့ ပူးပေါင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ခြင်း၊ လတ်တလောအခြေအနေအရ ထိုင်း-မြန်မာနယ်စပ် ဒေသများ၌ စစ်ဆင်ရေး ဆင်နွဲနေမှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“နောက်ထပ်တခုကတော့ ဒီကြားမှာပဲ နအဖ ကနေပြီးတော့မှ ကျနော်တို့ နယ်စပ်တွေကို စစ်ဆင်ရေး ထိုးနေတဲ့ကိစ္စတွေကို ကျနော်တို့က လက်တုန့်ပြန်တယ်ဆိုတဲ့ အနေနဲ့လည်း ပါပါတယ်ခင်ဗျ။ အထူးသဖြင့်တော့ အခု ကျနော်တို့ လင်းခေးမြို့နယ်မှာဆိုရင် ကျနော်တို့ ဒီ ပန်တဝီးတို့ ပန်ကပီးတို့ အဲဒီဖက်မှာရှိတဲ့ ကျနော်တို့ ပအို၀်းရွာတွေကို ဖြတ်လေးဖြတ် လုပ်ပြီးမှ မောင်းထုတ်နေတဲ့ကိစ္စတွေကို နအဖ တပ်တွေအနေနဲ့ ရပ်တန်းက ရပ်ဖို့ အဲတာကိုလည်း အဓိက အကောင်အထည် ဖော်လိုက်တာ ဖြစ်တယ်။”

ယခုတိုက်ပွဲနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ကိုဆက်သွယ်မေးမြန်း သော်လည်း အတည်မပြုနိုင် သေးကြောင်းပြောဆိုသည်။

ပအို၀်းအမျိုးသားတပ်မတော် (PNLA) သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့(ရလလဖ) မှ ၂၀၀၇ ခုနှစ် ဇွန်လတွင် ခွဲထွက်၍ စစ်အစိုးရအား လက်နက် ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

Most read this week