တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေး ဌာန တို့ပူးပေါင်း နယ်နိမိတ် တိုင်းတာမှုတွင် သျှမ်းပြည်နယ် ဒေသခံများ၏ လယ်ယာခြံ မြေများအား တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျူးကျော် သတ်မှတ်ခြင်း ခံရသ ဖြင့် ဒေသခံများ မကျေမနပ် ဖြစ်ပြီး နယ်ခြားတိုင် ဆွဲနုတ်မီးရှို့ဖျက်ဆီး လိုက်ကြောင်း စုံစမ်းသိရှိရသည်။
မေလ ၂၇ မှ ၃၀ ရက်နေ့အထိ ၂ နိုင်ငံအာဏာပိုင်များမှ တရုတ် - မြန်မာ နယ်ခြား မိုင်တိုင် ၆၃/၁ နှင့် ၆၃ /၂ ကြားတွင် နှစ်နိုင်ငံနယ်နိမိတ်များ ပြန်လည်တိုင်းထွာကြကြောင်း၊ နယ်ခြားတိုင်အသစ် အချို့လည်း စိုက်ထူသတ်မှတ်ကြောင်း၊ ထိုသို့ နယ်ခြားမှတ်တိုင်သစ် သတ်မှတ်မှုတွင် သျှမ်းပြည်နယ် ဘက် ခြမ်းနမ့်ခမ်းမြို့နယ် မန့်နောင်၊ မန့်ကုန်းဆာ၊ မန့်ခေးခွန်ရွာသူရွာသားများပိုင်လယ်ယာမြေများတရုတ် အား တိုင်းထွာပေးလိုက်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ကာ ထပ် မံ စိုက်ထူသည့် နယ်ခြားတိုင်သစ် များကို ဇွန်လ ၂ ရက် ယနေ့နံနက်ပိုင်းက ရွာသားများစုပေါင်း ဆွဲနုတ် မီးရှို့ခဲ့ကြကြောင်း ဒေသခံ စိုင်းမောက်ခမ်းကပြောသည်။
“မန့်နောင်ရွာက လယ်ယာမြေ ၃၀ ဧကကျော်၊ မန့်ကုန်းဆာက ရ၀ ဧက၊ မန့်ခေးခွန်ရွာက ၃၀ ဧက တရုတ် ကိုတိုင်းပေးတဲ့အထဲပါသွားတယ်။ ဟိုးတုန်းက ကျနော်တို့ မန့်နောင်ရွာက (အခု) ရွှေလီမြစ် လယ် လောက် မှာရှိတယ်။ သျှမ်းပြည်ဘက်ခြမ်းကို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါတွေပြိုပြိုကျပြီး ကျနော်တို့လယ်မြေတွေ ဆုံးရှုံးရတာများပါပြီ။ နောက်ပြီး ကျနော်တို့ဘက်က ကုန်းဆာရွာနဲ့ တရုတ် ဘက်က မန့်ကွန်ရွာဆိုရင်အရင်က နယ်နိမိတ် တိုင်ဆိုတာမရှိခဲ့ဖူးဘူး၊ ရွှေလီမြစ်ကိုဘဲ နယ်နိမိတ်အဖြစ် ထားတာလေ။ ” မန့်နောင်ရွာမှ အကြီးအကဲ တဦးဖြစ်သည့် စိုင်းစိုင်း ကပြောသည်။
“လယ်ယာမြေတွေ အလကားပဲတင်း မဆုံးရှုံးရလေအောင် ကျနော်တို့ရွာသားတွေကနေ ထိထိ ရောက်ရောက် ဆန္ဒပြတောင်းဆိုသွားမှာပါ။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင် စား သောက်လာတဲ့ဒီမြေတွေကို တရုတ်ပိုင်အဖြစ် သတ်မှတ်မခံနိုင်ပါဘူး။ တစ်လက်မမှ ကျူးကျော် မခံစေရတဲ့ ဇာတိသွေးဇာတိမာန်တွေ ဘယ်ရောက် ကုန်ပြီလဲ ။ ဒါမှမဟုတ် သိလျက်နဲ့ တရုတ်ကို ပြန်မပြောရဲလို့ လိုက်လျောတာလား။ ဒါ သျှမ်းပြည်ကြီး ဖဲ့ချိုးရောင်းစားခံရတာလို့ မြင်ပါတယ်။ အားလုံး ကာကွယ်မှ တော်ကာကျတော့မယ်” ဟု စိုင်းမောက်ခမ်းကဆက်လက် ပြောပြသည်။
ယမန်နှစ် စက်တင်ဘာလကတည်းက တရုတ်နိုင်ငံ မန့်ကွန်ရွာမှ မြန်မာနိုင်ငံဘက်ခြမ်း မန့်ကုန်းဆာ ရွာသို့ ရွှေလီမြစ်ကူးတံတား တည်ဆောက်ရန် တရုတ်ဘက်မှကမ်းလှမ်းခဲ့သော်လည်း မန့်ကုန်းဆာ ရွာသားများလက်မခံသဖြင့် တံတားတည်ဆောက်ရန် တရုတ်မှအကောင်အထည်မဖော်နိုင်ခဲ့ပေ။
တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူ း ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့ တရုတ်- မြန်မာ နယ်နိမိတ် တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။
၀န်ကြီးချုပ် ဦးနု လက်ထက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ဖြစ်သည့် ဂျေဂေါင် (စယ့်ကောဝ်) ရွာအား တရုတ်အစိုးရထံ ရောင်းစားကြောင်း၊ မူစယ်သားများပိုင် လယ်ကွင်းပြင်ကြီး အားလည်း လက်ရှိမြင်တွေ့နေရသည့် ရွှေလီ ခရိုင် စယ့်ကောဝ်မြို့ ဖြစ်ကြောင်း မူစယ်ဒေသခံ ရပ်မိရပ်ဖများကပြော ပြပါသည်။