ဗဟို ချုပ်ကိုင်မှု အာဏာ လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ တောင်ကြီး မြို့တွင် ပထမ အကြိမ် ကျင်းပ

ဗဟို ချုပ်ကိုင်မှု အာဏာ လျှော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲ တောင်ကြီး မြို့တွင် ပထမ အကြိမ် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့  စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ ခန်းမတွင် ဒေသန္တရ စီမံ ခန့်ခွဲရေး နှင့် ဗဟို ချုပ်ကိုင်မှု လျော့ပါးရေး ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အလုပ်ရုံ ဆွေးနွေးပွဲကို မေလ၂၅ မှ ၂၇ ရက်အထိ ၃ ရက် ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဖယ်ဒရယ်စနစ် နှင့် ဗဟိုချုပ်ကိုင်မှု အာဏာလျှော့ပါးရေးလုပ်ငန်းအတွက် ဆက်စပ်မှု၊ ဒေသန္တရ အုပ်ချုပ်ရေးပိုင်းသို့ (ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး၊ စည်ပင်သာယာရေး ) အာဏာ ခွဲဝေပေးရေး၊   အနောက်နိုင်ငံနှင့် ကမ္ဘာအဝှမ်း ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍတို့အပြင် ဒေသန္တရအုပ်ချုပ်ရေး ၏ ၀င်ငွေထွက်ငွေ အကြောင်းတို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း ဦးခွန်စိုင်းကပြောသည်။

workshop in taunggyi

ပြည်ထောင်စုစနစ်နှင့် ပတ်သက်၍ လူထုအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပညာပေးခြင်းသာဖြစ်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖယ်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်ကို နားမလည်သေးသည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထဲထဲဝင်ဝင်မအောင်မြင်ခြင်းဖြစ်ကြောင်း ချင်းမိုင်အခြေစိုက် ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာဦးခွန်စိုင်းက ယခုကဲ့သို့ ရှင်းလင်းပြောကြားခဲ့သည်။

“ ကျနော်တို့အခု ပြည်သူလူထုကိုရှင်းပြနေတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံနဲ့ ဘာမှမဆိုင်ဘူး။ လူထုတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံမပြောနဲ့ အခြေခံဥပဒေဆိုတာဘာလဲဆိုတာကိုနားမလည်ကြသေးတာ၊ ဒါကြောင့် အခြေခံဥပဒေ ဆိုတာကြီးကို နားလည်လာအောင်၊ အခုလုပ်နေကြတဲ့ ဖွဲ့စည်းပုံ ပြင်ရေး၊ မပြင်ရေး၊ အသစ်ရေးဆွဲရေး စတာတွေ နားလည် လာအောင် ပါ။ ဒါတွေနားလည်မှ  လူထုတရပ်လုံးက ပါ၀င် လှုပ်ရှား နိုင်မယ်လေ။  ဒါမှ ဒီမိုကရေစီ အသွင်ကူး ပြောင်းမှု ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ နောက်မဆုတ်တမ်း  ရှေ့တိုးလုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြလို့ပါ   ဖယ်ဒရယ်ဆိုတာခွဲထွက်ဖို့ မဟုတ်ဘူး။ ပြည်ထောင်စုကြီး ကိုတည်တံ့အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကိုသွားနေ တာဖြစ်တဲ့အကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်”  ဟု ဦးခွန်စိုင်းကပြောသည်။

လူထုကြား အခြေခံဥပဒေဆိုင်ရာ ဗဟုသုတပျံ့ပွားရေးအတွက်ရည်ရွယ်သော ယင်းအလုပ်ရုံဆွေးနွေးပွဲကို Training of Trainers (TOT)  စနစ်ဖြင့် အလားအလာကောင်းမည့်သူများအားရွေးချယ်ကာ သင်တန်းဆက်လက်ပေးသွားမည်ဟု ဆိုပါသည်။

“ကျမတို့ ကျောင်းပြီးလို့ ဘွဲ့သာအသီးသီးရသွားတယ် ၊  နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲ၊ ဖယ်ဒရယ် ပြည်ထောင်စုဆိုတာဘာလဲ ဆိုတာကို ဒီအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လေ့လာမှဘဲ သိရတာပါ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ကျမတို့ပြည်သူတွေအနေနဲ့ ဒါတွေသိထားပြီး ပါ၀င်ဖော်ဆောင်ခွင့်ရမယ်လို့ မျှော်လင့်မိပါတယ် ” ဟု ဆွေးနွေးပွဲသို့တက်ရောက်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မေလ(၂၁)မှ (၂၃) နေ့အထိကလည်း တိုင်းရင်းသားများ  NCCT နှင့် အစိုးရကိုယ်စားလှယ် UPWC တို့ ဆွေးနွေးသည့် single text document တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်းအား ဖယ်ဒရယ်စနစ်ကျင့်သုံးပြီး ဖယ်ဒရယ်ဟူသည့် စကားလုံး မသုံးကြရန် သဘောတူညီခဲ့ကြသည်ဟု ဆိုပါသည်။

“ဖယ်ဒရယ်စကားလုံးအစား ‘ ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်’ဆိုတဲ့စကားလုံးနဲ့ အစား ထိုး တယ်လို့ကြားရပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ထိရောက်မယ်ဆိုတာကတော့ ပထမ ဆွေးနွေးပွဲမှာဆုံးဖြတ် လို့မရဘူး။ ဒါပြီးရင်နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ အဲဒီအချိန်မှာ ဖယ်ဒရယ်ဆိုတာဘယ်လိုဖြစ်လာမလဲဆိုတာ  ပိုပြီးပီပြင်လာမယ်လို့ မြင်ပါတယ်” - ဟု ဦးခွန်စိုင်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း၊ မြောက်ပိုင်း ဒေသရှိ လူမှုကွန်ယက်အဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်ခဲ့ပါသည်။

တောင်ကြီးအခြေစိုက်သျှမ်းပြည်မျိုးဆက်သစ် ၊ ဘရပ်ဆဲလ်အခြေစိုက်Euro Burma Office(EBO) ၊ ကနေဒါအခြေစိုက် Forum of Federations  FOF  နှင့် ချင်းမိုင်အခြေစိုက် Pyidaungsu Institute for Peace and Dialogue(PI) တို့မှ ပူးပေါင်း ကမကထပြုကာ ပြည်တွင်း၌ အစိုးရခွင့်ပြုချက်ဖြင့် ပထမဆုံးအကြိမ်ကျင်း ပခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်နယ်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။