အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဟန့်တားသည့် ပုဒ်မများကို ပယ်ဖျက်ပေးရန် ၎င်းကို ထောက်ခံသူ ပြည်သူ ၆၀ ခန့်က ရန်ကုန်မြို့၊ မဟာဗန္ဓလပန်းခြံအနီးတွင် ဆန္ဒဖောထုတ်ခဲ့ကြသည်ဟု ဦးဆောင် ဆန္ဒဖော်ထုတ်သည့် 1000 million strong for Daw Aung San Suu Kyi 2015 network အဖွဲ့ဝင် ဦးဆန်းဝင်းအောင်က ပြောသည်။
မေ ၂၇ ရက် နံနက် ၁၀ နာရီ ၀န်းကျင် တွင် မဟာဗန္ဓုလပန်းခြံအနောက်ဘက်၌ စုရပ်အဖြစ် စတင်၍ ဆန္ဒ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဆန်းဝင်းအောင်က “ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ကွန်ရက်က အမေရိကန်၊ သြစတြေးလျ၊ ဂျပန် အပါ အဝင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ဖွဲ့ထားတဲ့ အွန်လိုင်း အဖွဲ့တစ်ခုပါ။ ဒေါ်စုသမ္မတဖြစ်ဖို့ဟန့်တား ထားတဲ့ပုဒ်မတွေကို ဆန့်ကျင်သွားမှာပါ” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတားဖြစ်နေသည့် ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉(စ)များကို ပယ်ဖျက်ပေးရန် အဓိကထားတောင်းဆိုခြင်းဖြစ်ပြီး ဆန္ဒ ဖော်ထုတ်နိုင်ရန် 1000 million strong for Daw Aung San Suu Kyi 2015 network က ဦးဆောင်ကာ မေ ၂၂ ရက်ကပင် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လူအင်အား၂၀၀ ဖြင့် ငြိမ်းချမ်းစွာ လှည့်လည်ခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံ ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒဖော်ထုတ်ရာတွင် 1000 million strong for Daw Aung San Suu Kyi 2015 network ကွန်ရက် အပြင် ဒီမိုကရေစီအင်အားစုအဖွဲ့ဝင်များ၊ အလုံ၊ သာကေတ၊ တောင်ဥက္ကလာ နှင့် မြောက်ဒဂုံမြို့နယ်များမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ပြည်သူများ ပါ၀င်ခဲ့သည်။ အဆိုပါဆန္ဒဖော်ထုတ်မှု အကြောင်းကို ဖေ့စ်ဘွတ်မှသိရသူ ပြည်သူများလည်း ပူးပေါင်းပါ၀င်ခဲ့သည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါ၀င်ခဲ့သူ မြောက်ဒဂုံမြို့နယ်မှ ကိုမင်းနိုင်စိုးက “ကျွန်တော်တို့က အင်တာနက်က နေတွေ့လို့လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကလဲလေးစားတယ်၊ ကျွန်တော်တို့လဲ လေးစားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်လို့ လာတောင်းဆိုတာပါ” ဟု ပြောသည်
ဆန္ဒဖော်ထုတ်ရာတွင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုယ် စားပြုသော အခြေခံဥပဒေပေါ်ပေါက်ရေး၊ ဒီိမိုကရေစီစံနှုန်းများနှင့်မညီညွတ်သော ပုဒ်မများ၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၄၃၆ ကိုလည်း ပြင်ဆင်ပေးရန် ကြွေးကြော်သံများ ဖြင့်လှည့်လည်ကာ တောင်း ဆိုခဲ့သည်။
ဒီမိုကရေစီ အင်အားစုများအဖွဲ့မှ ဦးဘမြင့်ကလည်း ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉(ဃ) ပယ်ဖျက်ပေးရန်၊ ပြည်သူ လိုလားသော လူထုခေါင်းဆောင်တင်မြှောက်ပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရန် တောင်းဆိုမှု များကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်တွင် ပြုလုပ်ပြီးဖြစ်ရာ လသာ၊ ကမာရွက်၊ ဗိုလ်တ ထောင် နှင့် ဒဂုံမြို့နယ်များတွင် ဆက်လက်ဆန်္ဒပြရန် ပြုလုပ်သွားမည်ဟု ပြောသည်။
ဦးဘမြင့်က “ဒေါ်စုကလက်ရှိ အသင့်လျော်ဆုံးပဲလို့ သတ်မှတ်ထားတယ်။ ဒေါ်စု သမ္မတဖြစ်ရေးအတွက် တက်ကြွလှုပ်ရှားသူများနဲ့ စိတ်ဝင်စားသူပြည်သူတွေပူးပေါင်းပြီး ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်တာတွေ ဆက် လုပ်သွားမယ်” ဟုပြောသည်။
ပုဒ်မ ၅၉(ဃ) နှင့် (စ) သည် သမ္မတ အရည်အချင်း ကန့်သတ်ချက်များဖြစ်ပြီး ပုဒ်မ ၄၃၆ သည် ဖွဲ့စည်း ပုံပြင်ဆင်ရေးဆိုင် ရာပုဒ်မ ဖြစ်သည်။