ယခုတလော အလုပ်သမားဆန္ဒပြမှုများ၊ လုပ်ငန်းရှင်နှင့် ဒေသခံတို့ကြား ပဋိပက္ခများ တရစပ် ဖြစ်ပွားနေသည့် ကြားမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲများကလည်း မြန်ပြည်တစ်လွှား လူသိများလျှက်ရှိ သည်။ အဆိုပါ လူထုဟောပြောပွဲများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ကျင်းပခဲ့ကြပြီး နောက်ပိုင်း၌ အခြားဒေသများသို့လည်း ဆက်လက်၍ သွားရောက်ဟောပြောမည်ဟု ကြားသိရသည်။
သို့သော် မေလ ၁၈ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်ပင်လယ်ကွင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သားများ ပူးပေါင်းပါ၀င်မှုကို တိုက်တွန်းဟောပြောမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတဲ့ မူဘောင်ကို ကျော်လွန်ရာရောက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံ မေလ ၂၂ရက်နေ့က အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ သည်။ ယင်းသို့သော စိန်ခေါ်မှုများကြားက ဒီမိုကရေစီနိုင်ငံသို့ ချီတက်လှမ်းရာတွင် မဖြစ်မနေ ပါ၀င်ပတ်သက်နေသူတိုင်းက တစ်စိတ်တစ်ဝမ်းတည်းဖြင့် စိတ်ရင်းစေတနာမှန်မှန်နှင့် စည်းလုံးညီညွှတ်စွာ လျှောက်လှမ်းသွားဖို့ရာ လိုအပ်ပါသည်။
၎င်းအပြင် ကချင်၊ ရှမ်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် ရှေ့တစ်လှမ်းတိုးလာနေသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးပွဲကြီးများမှာ ဒွန်တွဲလျက်ရှိနေပေရာ လက်ရှိ နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်မှုအသွင်ပြင်ကို မပြသနိုင်သေးဘဲ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် သဏ္ဍာန်အလားပင် ရှိနေသေး သည်။ သို့ဆိုလျှင် လွှတ်တော်ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်း၊ လုပ်ဆောင်မှု များမှာ မြစ်ကိုအလျား လိုက် ကူးခတ်နေသည့်နှယ် သူညှိကိုယ်ညှိ အနေအထားတွင် လွန်ဆွဲလျှက်သာပင် ဖြစ်နေသည်။
အလားတူ အိမ်နီးချင်း ထိုင်းနိုင်ငံ၌လည်း နိုင်ငံရေးညှိနှိုင်းမှု မပြေလည်ဘဲ လက်နက်ဖြင့် အကြမ်းဖက်မှု များပြားလာသည့်အ တွက် မေလ ၂၀ရက်နေ့တွင် ထိုင်းစစ်တပ်က မာရှယ်လောအမိန့် ထုတ်ပြန်လိုက်ပြီး မေလ ၂၂ရက်ညနေ ၄နာရီခွဲတွင် စစ်အာ ဏာသိမ်း၍ ကာဖျူးအမိန့်ကိုပါ ထုတ်ပြန်ခဲ့သည်။ ယင်းအခြေ အနေများအတွက် နှစ်နိုင်ငံသွားလာနေသည့် တရားဝင်၊ တရားမ ၀င် နယ်စပ်ဂိတ်များမှာ ပိတ်ပစ်လိုက်ရသည်အထိ ၎င်းတို့၏ နိုင်ငံတွင်းပဋိပက္ခများမှာ မတည်မငြိမ် ဖြစ်နေသည်။ ထိုင်းစစ်တပ် အနေဖြင့် ထိုင်းပြည်သူများ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် အာဏာသိမ်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာယွတ်ကျန်အိုချားက ရှင်းလင်းပြောဆိုသည်။
မည်သည့်ပါတီ၊ အဖွဲ့အစည်းအနေဖြင့်မဆို နိုင်ငံတစ်ခု တည်ငြိမ်တိုးတက်ရေးအတွက် နိုင်ငံတွင်း နေထိုင်သူများ၏ အသက်မွေး ၀မ်းကြောင်းမှုနှင့် စားဝတ်နေရေး ကြပ်တည်းမှု၊ မပြေလည်မှု၊ ချို့တဲ့မှုများမှာ အခရာဟု မသတ်မှတ်ဘဲ တစ်စုတစ်ဖွဲ့၊ တစ်ကဏ္ဍ လောက်သာ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နေသရွေ့ သို့မဟုတ် မှန်ကန်သော နိုင်ငံရေး အလျှော့အတင်းများမရှိသရွေ့ သို့ တည်းမဟုတ် လက်တွေ့ကျသော တိုင်းပြည်တိုးတက်မှုကို အကောင်အထည်မဖော်နိုင်သရွေ့ မည်သို့ပင် ညှိနှိုင်းဆောင်ရွက်နေ စေကာမူ အဖြေရှာမရသည့် ပုစ္ဆာတစ်ပုဒ်လိုပင် ဖြစ်နေပေလိမ့်မည်။ စိုးရိမ်ဖွယ်ရာတစ်ခုမှာ အချိန်တိုတိုနှင့် ၁၈ကြိမ်တိုင် စစ်တပ် အာဏာသိမ်းဖူးသော ထိုင်းနိုင်ငံ၏လုပ်ရပ်မှာ မြန်မာပြည်ကို စစ်အာဏာဖြင့် ရာစုနှစ်ဝက်ကျော် ထိန်းချုပ်အုပ်စိုးလာနေခဲ့သူများ အား နောက်ကြောင်းပြန်ခြင်း သို့တည်းမဟုတ် ပြောင်းလဲမှုတစ်ပတ်လည် လာခြင်း မဖြစ်ရန် အာမခံနိုင်ဖို့ လိုအပ်ပေသည်။
ထို့အတွက် နိုင်ငံတစ်ခုစီအတွင်းပင်ဖြစ်စေ၊ အိမ်နီးချင်းနိုင်ငံ အချင်းချင်းပင်ဖြစ်စေ နိုင်ငံ၏ အလုံးစုံသော ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင် ရာ ညှိနှိုင်းအဖြေရှာမှုများမှာ လတ်တလောကာလတွင် တူညီနေပေရာ နိုင်ငံရေးအလှ ချင်း ယှဉ်ပြိုင်ရာတွင် ဘယ်သူပြိုင်၍ လှနိုင် တော့မည်ကို စောင့်ကြည့်ရင်း ရေးသားဖော်ပြသွားရမည်သာ ဖြစ်ပါတော့သည်။