ဗုဒ္ဓဘာသာအမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရန်ဟု ဆိုကာ ဥပဒေများပြဋ္ဌာန်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ တိုက်တွန်းမှုကြောင့် ပေါ်ပေါက်လာမည့် ဥပဒေများ မကြာမီ လွှတ်တော်တွင်းသို့ ရောက်လာတော့မည်။
“လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းစေလိုသည်မှာ “ဗုဒ္ဓဘာသာဝင်များသည် ဘာသာမ တူသူများ နှင့် လက်ထပ်ရာ၌ အခွင့်အရေး အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းစေ လိုခြင်း” ဟု သမ္မတထံ မဘသကတိုက်တွန်း ထားသည်။
သို့သော် တိုက်တွန်းချက်သည် ဗုဒ္ဓ ဘာသာအမျိုးသမီး ၄၀ ဦး အခြားဘာသာ သို့ ကူးပြောင်းသွားသည် ဟူသော မှတ်တမ်းကြောင့်ဟု မေလ ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် မဘသက ဆိုသည်။
မဘသက ပြဋ္ဌာန်းစေလိုသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတွင်လည်း “ဘာသာ ကူးပြောင်းမှုနှင့် ပတ်သက်၍ ယုံမှားသံသယ ကင်းစေခြင်း၊ ပွင့်လင်းမြင်သာမှု ရှိစေခြင်းတို့ဖြင့် စည်းကမ်း စနစ်တကျရှိစေရန်” ဟု တိုက်တွန်း ထားသည်။
အခြားတစ်ဖက်တွင်လည်း အရပ်ဘက် အဖွဲ့အစည်းတစ်ရာကျော်က အမျိုးသမီးများ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ကို ပိတ်ပင်ထားသည်ဟုဆိုပြီး ကန့်ကွက်ထားသည်။ ထို့ကြောင့် သမ္မတ၊ သူရဦးရွှေမန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့ ၁၅၄ ဖွဲ့က တောင်းဆိုထားသော်လည်း အကြောင်းပြန် ကြားမှု မရှိသေးပေ။
အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုသည် “ခွေးလေးခုန်လို့ ဖုန်မထပါဘူး” ဟုပင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် ဦးဆောင်လှုပ်ရှားသူ ဆရာတော်ဦးဝီရသူ က မိန့်ကြားထားသည်။
မဘသက ပြဋ္ဌာန်းစေလိုသည့် ဥပဒေ များမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။
ယင်းဥပဒေများမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၄ ပါ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ” ဟူသည့် အချက်ကို အတိအလင်းချိုးဖောက်သည်ဟု အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ကန့်ကွက်ထားကြသည်။
သို့သော် မဘသ၏ လုပ်ဆောင်ချက်များကို ထောက်ခံသည်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုယ် တိုင်က အတိအလင်း ပြောထားသည်။
“သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်းသုံးမျိုးအနက် တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်းနှစ် မျိုးကို အထောက်အကူပြု ဆောင်ရွက် လျက်ရှိသည်ကိုသာ တွေ့ရှိရပါသည်” ဟု မေ ၁၁ ရက်တွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။
ထို့အတူ နိုင်ငံတော်သမ္မတကလည်း ယင်းဥပဒေများ ရေးဆွဲရန် ကော်မရှင် တစ်ရပ်ဖွဲ့စည်းထားပြီး မေလ အပြီး ရေးဆွဲရန် ညွှန်ကြားထားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သူ အင်ဂျန်းယန် မဲဆန္ဒနယ် မှ ဒေါ်ဒွဲဘူကမူ “ပြဿနာမဖြစ်ချင် လို့လုပ်တဲ့ ကိစ္စ ဖြစ်ပေမယ့် ပြဿနာပိုပြီးတိုးလာ မှာလည်း သတိထားပြီးမှ ပြဋ္ဌာန်းသင့်တယ် လို့ မြင်ပါ တယ်” ဟု ဆိုသည်။
မည်သို့ဆိုစေ ဥပဒေပြုခွင့်သည် ပြည်ထောင်စုလွှတ်တော်၌သာ အာဏာ တည်သည်ဖြစ်၍ ကိုယ်စားလှယ် တို့၏ ရှုမြင်၊ ရပ်တည်ခြင်းသာလျှင် အဖြေဖြစ်ပါ လာပါလိမ့်မည်။ ထို့ကြောင့် မဘသက အကြောင်းပြထားသည့် အမျိုးသမီး ၄၀ ဦးကြောင့် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်ပါရဲ့လား အဖြေသည် ပြည်ထောင်စုလွှတ်တော် ၌သာ ရှိပါလိမ့်မည်။