HIV ရောဂါဝေဒနာသည်များက (ART) ဆေးဝါးအပို ထပ်ရ

HIV ရောဂါဝေဒနာသည်များက (ART) ဆေးဝါးအပို ထပ်ရ
by -
ရိုင်မရော့
မွန်ပြည်နယ်အတွင်း (HIV&AIDS) ရောဂါခံစားနေသူများကို အကူညီပေးနေသော (IOM) အဖွဲ့မှ ရောဂါသည်များအတွက် လိုအပ်နေသည့် ရောဂါပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် (ART (Anti-retrovial Therapy)) ဆေးဝါးကို ဧပြီလမှ စပြီး ယခင်ကထက် နှစ်ဆပို၍ ပေးနေ ...

မွန်ပြည်နယ်အတွင်း (HIV&AIDS) ရောဂါခံစားနေသူများကို အကူညီပေးနေသော (IOM) အဖွဲ့မှ ရောဂါသည်များအတွက် လိုအပ်နေသည့် ရောဂါပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် (ART (Anti-retrovial Therapy)) ဆေးဝါးကို ဧပြီလမှ စပြီး ယခင်ကထက် နှစ်ဆပို၍ ပေးနေသည်ဟု (IOM) အဖွဲ့သားတစ်ဦး၏ ပြောပြချက်အရသိရသည်။

“ယခင်ကမွန်ပြည်နယ်အတွင်းမှာရှိနေတဲ့ ရောဂါဝေဒနာသည်တွေအတွက် (ART) ဆေးက (၁၀၀) လောက်ပဲရနေတယ်၊ ဧပြီလကနေစပြီးတော့ နောက်ထပ် (၁၀၀) ကျမတို့ (IOM) အဖွဲ့ကနေပြီးတော့ ထပ်ပေးနေပါတယ်” ဟု နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားများအဖွဲ့ (IOM) မှ အဖွဲ့သားတစ်ဦးက ပြောသည်။

နိုင်ငံတကာရွေ့ပြောင်းအလုပ်သမား (IOM) အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်မှ ကျေးရွာပေါင်း (၁၅)၊ သံဖြူဇရပ်မြို့နယ်မှ (၁၅) ရွာ၊ ရေးမြို့နယ်မှ (၁၆) ရွာ၊ ကျိုက်မရောမြို့နယ်မှ (၁၀) ရွာ၊ ဘီလင်းမြို့နယ်မှ (၁၅) ရွာ၊ မော်လမြိုင်မြို့နယ်မှ (၅) ရွာတို့မှ (HIV&AIDS) ရောဂါဝေဒနာခံစားနေရသူများကို အကူညီပေးနေခြင်း ဖြစ်သည်။

၄င်းအဖွဲ့သားဆက်လက်ပြောပြတာက “(ART) ဆေးဟာ ရောဂါသည်တွေ အလွန်လိုအပ်နေပါတယ်၊ ဒါပေမယ့် ယခုလို ထပ်ပေးရင်တောင်မှ ရောဂါသည်အားလုံးအတွက် မလုံလောက်သေးပါဘူး၊ ရောဂါခံစားရတဲ့သူတွေဟာ တစ်နှစ်နဲ့ တစ်နှစ် တိုးတိုးလာနေတယ်” ဟု သူက ပြောသည်။

“မုဒုံမြို့နယ်အတွင်းမှာဆိုရင် ၁၅ ရွာကို (IOM) ကနေ အကူညီပေးနေတယ်၊ ၅ ရွာတစ်ဖွဲ့ ဖွွဲ့ပြီးတော့ ကူညီနေတယ်၊ အဲဒီ ၅ ရွာမှာဆိုရင် အရင်က လူနာအယောက် ၄၀ ကျော်ပဲရှိတယ်၊ အခု ဒီဧပြီလအထိက ကျမတို့ စာရင်းအရတော့ လူနာပိုလာတယ်၊ သေသွားတဲ့လူလဲ ရှိသလို လူနာက ၅၀ ကျော်ဖြစ်သွားတယ်” ဟု သူက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် အကူညီပေးနေသော နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများ အဖွဲ့သည် (HIV&AIDS) ဝေဒနာသည်များအတွက် ဆေးပိုရသော်လည်း လူနာအားလုံအတွက် လုံလောက်မှု မရှိသေးပေ။ လူနာအားလုံးအတွက် ပေးမည်မဟုတ်ပဲ လူနာ၏ ရောဂါအခြေနေပေါ်မူတည်ပြီး ဆေးပေးနေသည်ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် (ART) ဆေးလိုအပ်နေသော ဝေဒနာရှင် ရ၅၀၀၀ ခန့်ရှိကြောင်းနှင့် ယင်းအနက် ၁၄၀၀၀ ခန့်သာလျှင် (ART) ဆေးရရှိပြီး ဆေးလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းအောက်သာရှိသည်။ နှစ်စဉ် သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်းနှင့် (HIV) ကူးစက်ခံရသူနှင့် (AIDS) ဝေဒနာရှင် ၂၄၀၀၀၀ ဦးခန့်ရှိသည်ဟု ဧပြီ ၂၄ ရက်နေ့ထုတ် (Weekly Eleven) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Most read this week