သျှမ်းပြည် သတ္တု သယ်ယူသည့် တရုတ် ပြည်ကား နမ့်ခမ်း ဒေသခံအား တိုက်မိ သေဆုံး

သျှမ်းပြည် သတ္တု သယ်ယူသည့် တရုတ် ပြည်ကား နမ့်ခမ်း ဒေသခံအား တိုက်မိ သေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ကောင်းကတ် ကျေးရွာ သကစဖ ဂိတ် အနီးတွင် မုံရွှဲ သတ္တုတွင်းမှ သတ္တုများ  သယ်ဆောင် လာသော တရုတ် နိုင်ငံ ပိုင်ကားတစ်စီး ယမန်နေ့ မေလ ၂၁ ရက်  ညနေ ၆:၃၀ က နမ့်ခမ်းမြို့ ဒေသခံ တစ်ဦးအား တိုက်မိ သေဆုံးကြောင်း သတင်းရရှိသည်။

တရုတ်သတ္တုကျောက်တင်ကား တိုက်မှုကြောင့် သေဆုံးရသူမှာ  နမ့်ခမ်းမြို့နယ် လွိုင်လင်ကန် ကျေးရွာ နေ အဘ ချိန်းဆွဲ့ဆိုင်၏သား စိုင်းယီ (လွိုင်ဝိန်း) အသက် ၅၂ နှစ်ဖြစ်ကြောင်း၊ ကောင်းကတ်ကျေးရွာမှ မော်တော်ဆိုင်ကယ်ဖြင့်ပြန်လာစဉ် အရှိန်ပြင်းထန်စွာမောင်းနှင်လာသည့် သတ္တုကားက ၀င်တိုက်ခြင်း ဖြစ်ကြောင်း၊ နမ့်ခမ်း ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း လွိုင်လင်ကန်ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တရုတ်သတ္တုကားတိုက်ခံရသူစိုင်းယီ

“တရုတ်သတ္တုတင်ကားကို ယာဉ်ထိန်းရဲတွေက ရဲစခန်းကိုမောင်းယူသွားပြီ၊ ယာဉ်မောင်းသူ တရုတ်နိုင်ငံ သား ကိုတော့ အဲဒီသတ္တုတူးဖော်ရေးကုမ္ပဏီက လာခေါ်သွားတယ်၊ သေဆုံးသူရဲ့အိမ်ကို ကုမ္ပဏီက ကျပ်ငွေ ၅ သိန်းပဲပေးတယ်၊ လျော်ကြေးအဖြစ် ၂၅ သိန်းပေးမယ်လို့ပြောတယ်”  ဟု ၄င်းကပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံဘက်ကကားတွေ တရုတ်ပြည်ထဲမှာ တရုတ်နိုင်ငံသားကို တိုက်မိသေဆုံးရင် မြန်မာငွေကျပ်သိန်းသုံးရာနဲ့ညီမျှတဲ့ တရုတ်ယွမ်တွေပေးလျော်ရတယ်၊ ကျနော်တို့ နိုင်ငံဘက်မှာတရုတ် တွေကားနဲ့ လာတိုက်ရင်တော့  မြန်မာငွေကျပ် ဆယ်သိန်းဂဏန်းဘဲပေးရင် အမှုက ချက်ချင်းပြီးတယ်။ ဒါလုံးဝမတရားဘူး”ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

သတ္တုကျောက်တင်ကားများသည် ခေါက်ရေ များများရအောင် အရှိန်လွန်မောင်းနှင်နေခြင်းကြောင့် ဒေသခံ များအား မကြာခဏ ထိခိုက်မှုဖြစ်ပွားခဲ့သည်။ သတ္တုကျောက်များကိုလည်း တန်ချိန်ပို တင်ဆောင်မှုကြောင့် မူစယ် - နမ့်ခမ်း လမ်းမမှာ နေ့စဉ်နှင့်အမျှ  ပျက်စီးယိုယွင်းလာနေပါသည်။ သို့သော် ပျက်စီးသွားသော လမ်းများအတွက် ပြုပြင်ပေးခြင်းမရှိပေ။  

သတ္တုများဖုံးဖိခြင်းမပြုဘဲ ၂၄ နာရီပတ်လုံး ကားများ သွားလာသယ်ယူနေသောကြောင့် ဓါတုဓါတ်ပါ သည့် ဖုံမှုန့်များ နေ့ရောညပါ လေနှင့်အတူ ပျံ့လွှင့်နေပါသည်။ ထို့အတွက်သက်ဆိုင်ရာမှ အဆိုပါ ဘေးဆိုးဒဏ်အား ကာကွယ်ပေးရန် တောင်းခံလိုကြောင်း နမ့်ခမ်းမြို့ခံ ခေတ်ပညာတတ်လူငယ် စိုင်းအိုက်ယီ ကပြောဆိုသည်။

“ ပြီးခဲ့တဲ့ ၃ လကျော်လောက်ကလည်း သတ္တုကျောက်တင်ကားတစ်စီး ဝေပုလ္လစာသင်တိုက်က ကိုရင်တစ်ပါးကို တိုက်မိပြီး ကိုရင်ခြေထောက်တစ်ဖက်ကျိုးသွားတယ်၊ တိုက်မိတဲ့ အဲဒီတရုတ်ကားကို ရဲစခန်းမှာ နာရီပိုင်းပဲ သိမ်းထားတယ်။ နောက်တစ်နေ့  သတ္တု ပုံမှန်ပြန်သွားတင်နေပြီ  ” ဟု ၄င်းက ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ ငွေကမ္ဘာကျော်၊ မြန့်မာမြှားဦး၊ စိန်ပဒေသာ၊ ပန်းသစ္စာ(ပန်းဆေးပြည်သူ့စစ်ဦးကျော်မြင့်ပိုင်)၊ စွမ်ငင်းခမ်း နှင့် GSM (ဦးပိုင်ကုမ္ပဏီပိုင်) စသော ကုမ္ပဏီကြီးများသည် တရုတ်နိုင်ငံ သတ္တုဝယ်ယူရေးကုမ္ပဏီများထံ နေ့စဉ် ကားအစီးရေ(၁၀၀) ထက်မနည်း တရားမဝင်ကူးသို့ဆိပ်လမ်းကြောင်းများမှ ၂၄ နာရီ ပတ်လုံး ပို့ဆောင် ပေးနေကြောင်း နမ့်ခမ်းမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလူငယ်အဖွဲ့ က ပြောသည်။

နမ့်ခမ်းမြို့ရှိရပ်ကွက် ကျေးရွာအတွင်းတွင် တန်ချိန်ပိုတင်စည်းကမ်းမဲ့မောင်းနှင်နေသော သတ္တု ကျောက်ကားများတွေ့ရှိလျှင် ရဲစခန်းထံ ဒေသခံများကိုယ်တိုင်ဖမ်းဆီးပြီးပို့ဆောင်အမှုဖွင့်နိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းက  အစည်းအဝေးတခုတွင် ပြောဆိုခဲ့ပါသည်။ သို့သော် အာဏာပိုင် များပင် ဖမ်းဆီးအရေးယူခြင်းမရှိဘဲ လူထုအနေဖြင့် အရေးယူနိုင်ရန်မလွယ်ကူကြောင်း၊ ထို့ကြောင့် ယနေ့တိုင် တရုတ်သတ္တုတင်ကားများ တစ်စီးမျှ ဖမ်းဆီးအရေးယူခံရခြင်းမရှိသေးကြောင်း ဒေသခံများ ကပြောဆိုပါသည်။

Most read this week