မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသား ၈ ဒသမ ၂ သန်း တက်ရောက်ပညာသင်ကြားနေသည့် စာသင်ကျောင်း များသို့ ကျောင်းရန်ပုံငွေထောက်ပံ့ခြင်း အစီအစဉ်နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသူကျောင်းသားတစ်သိန်း ခန့်အား ပညာသင်ထောက်ပံ့ပေးခြင်း အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရအား ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၈၀ ကူညီသွားမည်ဖြစ်ကြောင်း မေလ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
“အခွင့်အလမ်းတွေ နည်းပါးပြီး ဝေးလံတဲ့ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ပညာရေး ကောင်းမွန်စေဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါတယ်” ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာက ပြောသည်။
အဆိုပါ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်င်ရာ ဖွ့ံဖြိုးရေးအဖွဲ့ ရန်ပုံငွေမှ နှစ်ရှည်ချေးငွေ ကန်ဒေါ်လာသန်း ၈၀ အပြင် သြစတြေးလျနိုင်ငံမှလည်း အလှူငွေ ဒေါ်လာသန်း ၂၀ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ကို Myanmar Partnership Multi-Donor Trust Fund အနေဖြင့် ကမ္ဘာ့ဘဏ်က စီမံခန့်ခွဲပြီး ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများအာလုံးအတွက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အဆိုပါ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ကျောင်းရန်ပုံငွေ ထောက်ပံ့ရေးစီမံကိန်းကို မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေသည့် ကျောင်းထောက်ပံ့ကြေး စီမံချက်နှင့် အခြေခံပညာဆင့် ကျောင်းသူကျောင်းသား များအတွက် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ရေး စီမံချက်လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်မှု ရရှိစေရန်အတွက် ကူညီသွားမည်ဖြစ်သည်။ စီမံကိန်းသည် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အဆိုပါ အစီအစဉ် နှစ်ခုကို တိုက်ရိုက် ကူညီသွားမည်ဖြစ်သည်။
ကျောင်းသူ/သားများအတွက် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ရေး စီမံချက်ကို မြို့နယ် ၄၀ တွင် စီမံကိန်းကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။ အဆိုပါစီမံချက်များကို အကောင်အထည် ဖော်ဆောင် ရွက်ရန်နှင့် ဆန်းစစ်ကြီးကြပ်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင်လည်း ကမ္ဘာ့ဘဏ်က ကူညီသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်၏ အဖွဲ့ဝင် ဒေါက်တာစိုးဝင်းဦး (ဒေါက်တာဘိုင်အို)က “အကျင့်ပျက် ခြစားမှုတွေ ပပျောက်အောင်နဲ့ ကျောင်းတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုပါ စနစ်တကျ ဖြည့်ဆည်းပေး မယ်ဆိုရင်တော့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးတဲ့ငွေတွေဟာ အခြေခံကျောင်းတွေအတွက် များစွာ အထောက်အကူပြုမယ်လို့ထင်ပါတယ်” ဟု ပြောသည်။