တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းရေး အရေးပေါ်ဆွေးနွေးရန် အရပ်ဘက်အဖွဲ့အစည်း ရ၀ ကျော်တောင်းဆို

တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းရေး အရေးပေါ်ဆွေးနွေးရန် အရပ်ဘက်အဖွဲ့အစည်း ရ၀ ကျော်တောင်းဆို
by -
မဇ္စျိမ

အစိုးရ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းကာ အရေးပေါ် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် အပါအဝင် အချက် ၁ဝချက်ပါသော တောင်းဆိုကြေငြာချက် တစ်စောင်ကို အရပ်ဘက်အဖွဲ့အစည်း ရ၃ ဖွဲ့က မေလ ၂၁ရက်က ထုတ်ပြန်လိုက်သည်။

စစ်ပွဲများ ထပ်မံဖြစ်ပေါ်လာခြင်းမရှိစေရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိကဦးဆောင်နေသူများဖြစ်သည့် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချူပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့က တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

တောင်းဆိုကြေငြာချက်တွင် ပါဝင်သော ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက “ ခုက တစ်နိုင်ငံလုံး အပစ်ရပ်လတ်မှတ်ထိုးနိုင်ဖို့ မူကြမ်းကို အစိုးရနဲ့ NCCT က ပေါင်းဆွဲနေတယ်။ ပဏာမအပစ်ရပ် လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင်တွေရော၊ မထိုးရသေးတဲ့ လူတွေနဲ့ပါ နောက်ကွယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။  ဒါကြောင့် တကယ်တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေနဲ့ အရေးပေါ်တွေ့ဆုံပြီး ညှိကြဖို့ကို ကျွန်မတို့က တိုက်တွန်းတာပါ” ဟု မဇ္စျိမကို ပြောသည်။

တောင်းဆိုချက်ထဲတွင် ကချင်ဒေသ၊ ပလောင်ဒေသနှင့် တိုင်းရင်းသားဒေများတွင် စစ်ရေးပြင်ဆင်နေခြင်း၊ စစ်အင်အား တိုးချဲ့နေခြင်း များနှင့် ထိုးစစ်ဆင်နွှဲနေခြင်းများကို ချက်ချင်းရပ်တန့်ပေးရန်၊ စစ်ရေးအင်အားသုံး၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်၊ ဖိအားသုံး အတင်းအကြပ် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ရန် နှင့် တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့များက တိကျမှန်ကန်စွာ သတင်းထုတ်ပြန်ပေးပြီး လုံခြုံရေးပေး၍ သတင်းယူနိုင်ရန် ခွင့်ပြုပေးရန်စသော အချက်များလည်း အဓိကပါဝင်နေသည်။

တောင်းဆိုကြေငြာချက်များကို မေလ ၂၁ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ တွေ့ဆုံဆွေးနွေးပွဲ မစတင်မီ အရပ်ဖက်လူမှုအဖွဲ့အစည်းများက လာရောက် ပေးသွားခြင်းဖြစ်သည်။