ဦးဝင်းတင်ဖြစ်စေလိုသည့် ဆန္ဒများ အကောင်အထည် ဖော်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဦးဝင်းတင်ဖြစ်စေလိုသည့် ဆန္ဒများ အကောင်အထည် ဖော်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
by -
မဇ္စျိမ

ကွယ်လွန်သွားခဲ့ပြီဖြစ်သော NLD သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို တန်ဖိုးထားသည်ဆိုလျှင် သူဖြစ်စေချင်သော နိုင်ငံတစ်နိုင်ငံ၊ နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုဖြစ်လာစေရန် ၀ိုင်းဝန်းကြိုးစားပေးကြရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၀ ရက် တွင် တိုက်တွန်း ပြောကြားလိုက်သည်။

မေလ ၂၀ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သဘာပတိအဖွဲ့ဝင်၊ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားကို ပြုလုပ်ရာတွင် ဒေါ်အောင် ဆန်းစုကြည်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အားလုံးမှာ ကိုယ့်အားနည်းချက်နဲ့ကိုယ် ရုန်းကန်နေရတယ်။ ဒါကြောင့် ရည်မှန်းချက်တွေ လွဲချော်မသွားအောင်လို့ ဆရာ့ကို လေးစား၊ သတိရသောအားဖြင့် ကျွန်မတို့ ကြိုးစားဖို့လိုတယ်” ဟု ပြောသည်။

အဆိုပါ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်ကာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊ NLD ပညာရေးကွန် ရက်၊ အခြားအရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဦးဝင်းတင် ချစ်ခင်လေးစားသူများ၊ စာနယ်ဇင်းသမားများ တတ်ရောက်ခဲ့ကြသည်။

တစ်လပြည့် အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ စာရေးဆရာ မောင်မိုးသူ၊ ၈၈ အဖွဲ့မှ ကိုဌေးကြွယ်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့ကြသည်ဟု စာရေးဆရာ မောင်မိုးသူက “NLD  ပါတီ စထောင်လိုက်ကတည်းက စားပွဲခုံမှာ ထိုင်ပြီး အလုပ်လုပ်ခဲ့တာ ဦးဝင်းတင်ပဲ” ဟု ဆိုသည်။

ဦးဝင်းတင်သည် ဧပြီလ ၂၁ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ကွယ် လွန်ခဲ့ကာ ကွယ်လွန်ပြီးနောက် ရန်ကုန်မြို့ယုဒဿန်ရိပ်သာတွင် သုံးရက်ကြာ ဂါရဝပြုအခမ်းအနားကို ပြုလုပ်ခဲ့ သေးသည်။ ဦးဝင်းတင်ကို ရေဝေးသုသာန်တွင် သဂြိုဟ်သောနေ့၌ လူပေါင်း သောင်းချီ သွားရောက်ဂါရဝ ပြုခဲ့ကြသည်။

ဦးဝင်းတင်သည် ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးလည်းဖြစ်သည်။

၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုတွင် ပါ၀င်ခဲ့ပြီးNLD ပါတီကို တည်ထောင်ခဲ့သူတစ်ဦး လည်းဖြစ်သည်။ ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သူ ဖြစ်သည်။

Most read this week