တပ်မ ရ၇ လှုပ်ရှားရာ ဒေသအတွင်း စစ်မှု ထမ်းဟောင်း တဦး သတ်ဖြတ်ခံရ

တပ်မ ရ၇ လှုပ်ရှားရာ ဒေသအတွင်း စစ်မှု ထမ်းဟောင်း တဦး သတ်ဖြတ်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း တပ်မ ရ၇ မှ လာရောက် လှုပ်ရှားစဉ် တပ်ထွက် ရဲဘော် ဟောင်းတဦး    ဖမ်းဆီး သတ်ဖြတ် ခံရကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ရဲဘော်ဟောင်း ဦးကိုရဲသည် မေ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေအိမ်မှပျောက် သွားကြောင်း၊ အဆိုပါနေ့ရက် နံနက် ၁၁ နာရီခန့်တွင် ရွာအနီး သေနတ်ဖေါက်သံ နှစ်ချက် ကြားရာမှ ဦးကိုရဲ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တဦးက ဤကဲ့သို့ ပြောပြသည်။

“နောင်အော့ဘက်မှာ သံခမောက်တပ်ရင်း (တပ်မ ရ၇ ) ရောက်ရှိလှုပ်ရှားနေတဲ့အချိန်မှာဘဲ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဦးကိုရဲကိုလာခေါ်သွားတယ်။ ရွာနဲ့ သိပ်မဝေးဘူး သူ့ကို ပစ်သတ်သွား တယ်။ ဘယ်တပ်ဖွဲ့လည်း တော့မသိဘူး။ သျှမ်းစကားတော့ ပြောတတ်တယ်ပြောတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသခံ တဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့ စစ်ထောက်လှမ်းရေးတဦးက - သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ လက်ချက်ဖြစ်ကြောင်း၊ အခွန် ကောက်ခံရး ကိစ္စ နှင့်ပတ်သက် ဆက်နွယ်ကြောင်း၊ အသတ်ခံရသူမှာ စစ်မှုထမ်းဟောင်းတဦး ဖြစ်သည့်အားလျော်စွာ အခြေအနေမှာ ငြိမ်နေမည်မဟုတ်ကြောင်း ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းသို့ဝင်ရောက်လှုပ်ရှားသည့်မြန်မာ့တပ်မတော်

“ဒီကိစ္စ ကျနော်တို့တပ်ဖွဲ့ရဲ့လက်ချက် ဟုတ်မဟုတ် ဒေသအတွင်းလှုပ်ရှားတဲ့ တပ်ဖွဲ့တွေကို စုံစမ်း မေးမြန်းရဦးမယ်။ အဲဒီဒေသဘက်မှာ ကျနော်တို့ တပ်ဖွဲ့လည်းလှုပ်ရှားနေတာတော့ရှိတယ်” - ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အခြေစိုက် အစိုးရတပ် တပ်မ ရ၇ သည် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် အတွင်း လာရောက်လှုပ်ရှားသည်မှာ တနှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ရဲဘော်ဟောင်း ဦးကိုရဲ သတ်ဖြတ် ခံရသည့်အချိန်တွင်လည်း အဆိုပါရွာအနီးတဝိုက်တွင် တပ်မ ရ၇ ကလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

ဦးကိုရဲသည် တပ်မှထွက်ပြီး နောင်အော့ရွာတွင်အခြေချနေထိုင်လာသည်မှာ  ၁၀ နှစ်ကျော်နေပြီဖြစ် ကြောင်း၊ တပ်မတော်စစ်ကြောင်းအတွက် အမာခံ အင်ဖေါ်မာ (သတင်းအချက်အလက်ရှာ ဖွေစုဆောင်း ပေးသူ) တဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။ သို့သော် ၎င်းကိစ္စနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ နှောင်းပိုင်းက သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ဖိုင်ချယ်ရွာသူကြီး တပ်ထွက် ဦးတင်အောင် မှာလည်း ဖမ်းဆီးသတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း၊ သတ်ဖြတ်မှုမှာမြန်မာအစိုးရက သျှမ်း ပြည်တပ်မတော် RCSS/SSA ၏ လက်ချက်ဟု စွပ်စွဲကာ လက်တုန့်ပြန်သည့်အနေဖြင့် ၎င်းတို့အား ပတ်သက်ဆက်နွယ်သည်ဟု ထင်ရသည့် SNLD ၏ နမ့်လင်းမိုင်ဥက္ကဌကို ဖမ်းဆီးရိုက်နှက်ကာ ယနေ့တိုင် အကျဉ်းချထားခဲ့သည်။ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ကျိုင်းတုံမြို့ ဆက်ဆံရေးရုံးကိုလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

Most read this week