ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲအတွင်း အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့တို့ မေလ၂ဝ ရက် နံနက်ပိုင်းက တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု တအောန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။
မုံးကိုးမြို့နယ်ခွဲ ကောင်းမူးလိုင်ကျေးရွာအတွင်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တအောန်းတပ်မတော် TNLA နှင့် MNDAA (ကိုးကန့်တပ်မတော်)တို့ ပူးပေါင်း တပ်ဖွဲ့တို့နှင့် မေလ ၂ဝ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဒီမနက် ၆ နာရီကနေ တိုက်ပွဲဖြစ်တာ။ သတင််းပို့တဲ့ အချိန် ရ နာရီထိ တိုက်ပွဲက မပြီးသေးဘူး။ အဲဒီမှာက ကျနော်တို့ အဖွဲ့ သုံးဖွဲ့က နယ်မြေစိုးမိုးရေး ကွင်းဆင်းရင်းနဲ့ သွားတဲ့အချိန် မြန်မာစစ်ကြောင်း ထိုးလာတယ်။ အဲဒီလမ်းမှာဘဲ ထိပ်တိုက်တွေ့ကြတာ”ဟု ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။
နှစ်ဖက် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုမရှိဘဲ အစိုးရစစ်တပ်က ၎င်းတို့ နယ်မြေအတွင်းသို့ တပ်ရင်းပေါင်း ၂ဝ ကျော် လှုပ်ရှားနေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သေးသည်ဟု ၎င်းက သုံးသပ်ပြောဆိုခဲ့သေးသည်။
“တိုက်ပွဲက တောက်လျှောက်ဖြစ်မဲ့ အနေအခြေ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေကကျဉ်းတော့ တပ်ရင်းတွေက များဆိုတော့ နည်းနည်းလှုပ်လိုက်တာနဲ့ တိုက်ပွဲက ဖြစ်တော့တာ” ဟု သူက ဆက်ပြောသည်။
မေလ ၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း ၎င်းလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း သုံးဖွဲ့မှ ပူးပေါင်း တပ်ဖွဲ့များနှင့် အစိုးရ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယနေ့ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။
ထို့ပြင် မေလ ၁၉ ရက်ကလည်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဝါးလိုင်းကျေးရွာမှ ဝါးလိုင်ပြည်သူ့စစ် နေအိမ်အတွင်း TNLA တပ်ဖွဲ့များ မူးယစ်ဆေးဝါး ဝင်ရောက်ဖမ်းဆီးခဲ့သဖြင့် ဝါးလိုင်အခြေစိုက် တပ်မ ၈၈ လက်အောက်ခံ စစ်တပ်ဖွဲ့ဘက်မှ ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ပြည်သူ့စစ်နေအိမ်မှ ဘိန်းစိမ်း (၂ဝ) ပိဿာ၊ ရာမဆေးပြား ၁ဝ ထုတ် (၂ဝဝဝ)၊ သေနတ် M-22 (၄)လက်၊ M 20 ပစ္စတို(၂)လက် သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
TNLA ဘက်မှလည်း RPG ၃ ချက် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် နှစ်ဖက် ၃ဝ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။ ထိုတိုက်ပွဲအတွင်း အစိုးရဘက်မှ တဦးကျဆုံးခဲ့ပြီး TNLA တပ်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဆိုထားသည်။
အလားတူ ရှမ်းပြည်နယ် မုံးကိုးမြို့နယ် KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၈ နယ်မြေအတွင်း မှာလည်း မုံးကိုးအခြေစိုက် အစိုးရ စစ်တပ် အင်အား ၁ဝဝ ကျော် မေလ ၂ဝ ရက်နေ့ နံနက်ပိုင်းက လှုပ်ရှားလာသဖြင့် နှစ်ဖက်စစ် ရေးတင်းမာမှု ရှိနေသည်ဟု မိုးကိုးမြို့မှ ဘာသာရေးဆရာ ထိန်နန်က ပြောသည်။
“ဒီနှစ်ရက် သုံးရက်က တိုက်ပွဲမဖြစ်ဘူး။ ဒီနေ့တော့ ကေအိုင်အေ ၃၈ ဘက်ကို ဒီမြို့မှာရှိတဲ့ အစိုးရစစ်တပ်တွေ ၁ဝဝ ကျော် လှုပ်ရှားလာလို့ တိုက်ပွဲ ဖြစ်ခါနီးပြီ။ ဆက်တက်လာရင်တော့ တိုက်ပွဲဖြစ်ဖို့ ရှိနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
မေလဆန်းပိုင်းက အစိုးရစစ်တပ်နှင့် KIA တပ်များအကြား တိုက်ပွဲဖြစ်ပွားမှုကြောင် ့စစ်ပြေး ဒုက္ခသည် ၅ဝဝ ကျော် မူဆယ်မြို့နယ် ဘာသာရေးဘုရားကျောင်းများတွင် ခိုလှုံနေရသည်။