ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်မှ ဆန္ဒပြ တောင်သူများကို အကြမ်းဖက် ဖမ်းဆီးခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က မေ လ ၁၈ ရက်တွင် လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဆန္ဒပြ တောင်သူများကလည်း ရဲတပ်ဖွဲ့များ အကြမ်းဖက် ဖမ်းဆီးခဲ့ သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်လိုက်သည်။
သိမ်းဆည်းခံမြေများပြန်ရရေး မေလ ၁၄ ရက် တွင် သဲကုန်းမြို့ပေါ်၌ ဆန္ဒပြခြင်း၊ ဆုတောင်းခြင်းများပြု လုပ်သော လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခြင်းမရှိကြောင်း ၊ မကျီးဇင်ကျေးရွာ မူလတန်းကျောင်းတွင် ရဲတပ်ဖွဲ့က လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အပြန်အလှန် မေးခွန်းမေးမြန်းခွင့်မရသဖြင့် တောင်သူများက အောင်ကုန်းကျေးရွာတွင်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ကပြုလုပ်သည့် လူထုရှင်းလင်းပွဲတွင် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဦးက “ကျောင်း သား ကောင်းထက်ကျော် လက်ထိပ်နဲ့ အရိုက်ခံရတယ်။ မခင်မာအေးကို ဓားနဲ့ထိုးတယ်လို့စွပ်စွဲထားတာတွေက မဟုတ်ပါဘူး။ ၀ါဒဖြန့် သတင်းလွှင့်တာပါ။ ဖမ်းတဲ့ရဲတွေကလည်း အရပ်ဝတ်နဲ့ဆိုတော့ ဘုန်းကြီး ကျောင်းထဲလည်း ဖိနပ်စီးမဝင်ပါဘူး။ ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ ဓားဆောင်တာလည်း မရှိပါဘူး”ဟု ပြော သည်။
ဖမ်းဆီးရာတွင် ဒေါ်ညိုအား အမျိုးသမီး ရဲမေသုံးဦးဖြင့် ဖမ်းဆီးခဲ့ပြီး ကျန်ဆန္ဒ ပြသူများက ဆဲဆိုခြင်း တုတ်၊ ဓား (အုတ်ခဲ ထည့်ထားသော)လွယ်အိတ်တို့ဖြင့်ပြန် လည်ခုခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။
သဲကုန်း မြို့မစခန်းမှူး ဒု-ရဲမှူးဇော်အောင်က “ကောင်းထက်ကျော်ကို ဆန္ဒပြ အဖွဲ့က ပြန်လုတဲ့အတွက် ဆွဲ တဲ့လူတွေ အရှိန်နဲ့လဲကျတယ်။မြေကြီးနဲ့ဆောင့်မိပြီး နဖူးအလယ်စပ်နားက သွေးထွက်သွားတယ်။ အဲဒီ ကောင်လေး လဲကျသွားတဲ့ အချိန် မခင်မာအေးက ကောင်လေးဆီက ထွက်တဲ့သွေးတွေကို ဘယ်ဘက် လက် မောင်းနဲ့ရင်ဘတ်မှာသုတ်ပြီး ဗိုလ်ကြီးတပည့်တွေ ကျွန်မကိုလုပ်တယ်လို့ တိုင်တယ်”ဟုပြောသည်။
စတင်ဖမ်းဆီးသည့်အချိန်တွင် ဗီဒီယိုမှတ်တမ်းတင်နေသည့် ဒုရဲအုပ် စရန်နိုင်စိုး ကို ဆန္ဒပြသူများက ထမ်း ပိုးဖြင့်ရိုက်သောကြောင့် သက်သေအထောက်အထားဖြစ်သည့် ဗီဒီယိုဓာတ်ပုံဖိုင် မှတ်တမ်းမရှိကြောင်း အောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး သက်သေရှိကြောင်း ၎င်းကဆက်ပြောသည်။
ရဲတပ်ဖွဲ့၏ ရှင်းလင်းချက်များနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းခွင့်မရသည့် အတွက် အောင်ကုန်းရွာ သ တင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် မခင်မာအေး “ကောင်းထက်ကျော်ကို လှေခါးကတွန်းချပြီး ခွေးဆွဲနည်း ဆွဲသွားတယ်။ နံပါတ်တုတ်နဲ့ ရိုက်တယ်။ ကျွန်မက ကာကွယ်လိုက်တဲ့အချိန် ရဲကကျွန်မပါးကိုချတယ်။ ဓား နောက်နဲ့ ရင်ဘတ်ကိုထုတယ်။ ကျောကုန်းကို ထုတယ်။ ဓားနဲ့ထိုးတယ်။ ကျွန်မကို ဓားနဲ့ထိုးတာကို တောင် သူတွေ အကုန်မြင်တယ်” ဟု ပြောသည်။
ဓားနှင့် ထိုးခံရမှုကြောင့် ဘယ်ဘက် လက်သန်းကြားအရင်းတွင် ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ ဖမ်း ဆီးမည် ကိုစိုးရိမ်သဖြင့် ဆေးကုသမှု မခံယူရသေးကြောင်း ၎င်းကဆက်ပြောသည်။
ဆန္ဒပြရာတွင်ပါ၀င်သူတစ်ဦးကလည်း “ရဲက ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးတယ်။ ဓားနဲ့ချွတ်ထိုးတာလည်း ရဲပဲ။ လက်ကိုင်တုတ်နဲ့ ရိုက်တာလည်းရဲပဲ။ တောင်သူတွေမှာ ဘာလက်နက်မှမပါဘူး။ အလံတိုင်လေးတွေပဲ ရှိတယ် ”ဟုပြောသည်။
ဖြစ်စဉ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်မှ ကျောင်းသား ကောင်းထက်ကျော် ဖမ်းဆီး ရိုက်နှက်ခံရသဖြင့် (ဗကသ)အဖွဲ့ချုပ်မှ မန္တလးတွင် ကန့်ကွက်ကြောင်း ဆန္ဒပြခြင်း သဲကုန်းမြို့တွင် ကြေ ညာချက် ထုတ်ပြန်ခြင်းများပြုလုပ်ခဲ့သည်။ ခရိုင်အသီးသီးက စုစည်း ရရှိသောအင်အားများဖြင့် လယ်သမား များ နှင့် စုပေါင်းကာ လယ်ယာမြေရရှိရေး ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းသွား မည်ဟုလည်း ယင်းအဖွဲ့မှ ဗဟိုသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးရဲရင့်အောင်က ပြောသည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ ၁၁၅၉ ဒသမ ၅၅ ဧကကို ၂၀၀၁ ခုနှစ်တွင် စစ်တပ် က သိမ်းယူခဲ့ပြီး အမှတ်(၃)လက်ကားသမဝါယမအသင်း လီမိတက်အမည်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် တစ် ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
ယင်းလယ်များ ပြန်လည်ရရှိရေး အတွက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် တောင်သူများက သဲကုန်းမြို့ပေါ် တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ခြင်း ဧပြီလ ၁၁ ရက်တွင် ကျိန်စာတိုက်ခြင်း၊ ဧပြီလ ၂၂ ရက်တွင် အ ခေါင်းလုပ်မီးရှို့ သင်္ဂြိုဟ် ခြင်းများ ပြုလုပ်ခဲ့သည်။
ယခုဆန္ဒပြမှုအတွက် ဒေါ်ညို၊ ကိုမောင်ဝင်း၊ ကောင်းထက်ကျော်၊ မခင်မာအေးတို့ကို ပုဒ်မ ၅၀၅(ခ)ဖြင့် တ ရားဆွဲဆို ထားပြီး မေလ ၂၁ ရက်တွင် သဲကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးမည်ဖြစ်သည်။
ကျိန်စာတိုက်မှုပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသော ကိုပေါက်စ၊ ဒေါ်ညို၊ ဒေါ်မုန်း၊ ကျော်သူအောင်၊ သန့်ဇင်ထက်တို့အား မေလ ၂၀ ရက်တွင် စစ်ဆေးမည်ဖြစ်သည်။