အခြေခံဥပဒေနှင့် တပ်မတော် အပြန်အလှန်ကာကွယ်နေမှု အလားအလာမကောင်းဟု NCCT အဖွဲ့ ခေါင်းဆောင်ပြော

အခြေခံဥပဒေနှင့် တပ်မတော် အပြန်အလှန်ကာကွယ်နေမှု အလားအလာမကောင်းဟု NCCT အဖွဲ့ ခေါင်းဆောင်ပြော
by -
မဇ္စျိမ

တပ်မတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချင်းချင်း အပြန်အလှန်ကာကွယ်နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ကာကွယ်နေခြင်းသည် အလားအလာမကောင်းဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောသည်။

လက်ရှိ အနေအထားအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို အာဏာပေးထားပြီး တပ်မတော်ကလည်း ဖွဲ့စည်းပုံကို ကာကွယ်နေသည်ဟု ဦးနိုင်ဟံသာက မေ ၁၃ ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။

“၂၀၀၈ ဖွဲ့စည်းပုံက တပ်မတော်ကို အာဏာအများကြီး ပေးထားတယ်။ တပ်မတော်ကလည်း ကာကွယ်နေမယ်ဆိုရင် ဒါက အချင်းချင်း သူတို့ ထိန်းညှိတဲ့အနေနဲ့ပေါ့။ သူကလည်း ကိုယ့်ကိုကာကွယ် ကိုယ်ကလည်း သူ့ကို ကာကွယ်ဆိုရင်တော့ လှုပ်လို့မရတဲ့အနေအထား ဖြစ်သွားနိုင်တယ်။ ဒါမျိုးက အလားအလာ မကောင်းဘူးမြင်တယ်” ဟု ဦးနိုင်ဟံသာက ဆိုသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီအများစုက ပြောနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ကလည်း ပူးပေါင်းဟောပြောပွဲများကို ပြု လုပ်နေသည်။

အခြေခံအားဖြင့် ကြည့်မည်ဆိုပါက တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရန် လိုသော်လည်း ယခုကဲ့သို့ အခိုင်အမာထိန်းထား သည့်ပုံဖြစ်နေပါက ကောင်းသည့်ဘက်သို့ ဦးတည်မည် မဟုတ်ဟုလည်း ဦးနိုင်ဟံသာက ဆိုသည်။

“သာမန်အားဖြင့် တပ်မတော်က အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်။ ဒါပေမဲ့ တစ်ဖက်ကပြန် ကြည့်မယ် ဆိုရင် အခု ၂၀၀၈ အခြေခံ ဥပဒေက ပြင်ဆင်ဖို့ လိုအပ်တဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဒါက လူတိုင်းကလည်း နားလည်တယ်။ နိုင်ငံရေးပါတီတိုင်းကလည်း တောင်းဆိုနေတယ်။ တပ်မတော်ကလည်း တချို့အပိုင်းကို ပြင်ဖို့လိုတယ်လို့တော့ ပြောနေပြီ၊ အစိုးရအပိုင်းမှာလည်း ပြောနေပြီ။ ဒါပေမဲ့ အချို့အပိုင်း မှာ ပြင်ဖို့လိုတဲ့ အပိုင်းကိုမပြင်ဘဲ အခိုင်အမာကြီး ထိန်းထားတဲ့ပုံစံမျိုးက ကောင်းတဲ့ဘက်ကို ဦးမတည်ဘူး လို့ မြင်တယ်” ဟု ၎င်းက ဆိုလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အတွက် NLD နှင့် ၈၈ မျိုး ဆက်တို့က ဟော ပြောပွဲများပြုလုပ်နေရာ မေ ၁၇ ရက်တွင် ရန်ကုန်နှင့် မေ ၁၈ ရက်တွင် မန္တလေး၌ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

ရန်ကုန်ဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၄၃၆သည် တပ်မတော်သားများကို အထူးအခွင့်အရေးပေးထားသည့်ပုဒ်မဖြစ်သည်ဟု ပြော ဆိုလိုက်ပြီး “ပုဒ်မ ၄၃၆ ဟာ တပ်မတော်သားတွေအတွက် အထူးအခွင့်အရေးပေးထားတဲ့ ပုဒ်မဖြစ်တယ်။ အထူးအခွင့်အရေးရတယ်ဆိုတာ သိက္ခာရှိရဲ့လား၊ ကိုယ့်အတွက် ကောင်းရဲ့လားလို့ မေးချင်ပါတယ်” ဟု မေးခွန်းထုတ် လိုက်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများက စတင်ကာ လက်မှတ်ရေးထိုး ပူးပေါင်းကြရန်လည်း တိုက်တွန်းပြောကြားလိုက်သည်။

အခြေခံဥပဒေတွင် တပ်မတော်၏ အခန်းကဏ္ဍ များစွာပါ၀င်နေပြီး ပုဒ်မ ၆ (စ) တွင် နိုင်ငံတော်၏ အမျိုး သား နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်က ပါ၀င် ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ဟု ပါ၀င်သည်။

ယင်းအပြင် နိုင်ငံတော်သမ္မတနှင့် ဒု- သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်ဖြစ်သော ပုဒ်မ ၅၉ (ဃ) တွင်လည်း နိုင်ငံတော်၏အရေးအရာများဖြစ်သော နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အ မြင်များရှိရမည်ဟု ပြဋ္ဌာန်းထားသည်။