ငြိမ်းချမ်းရေး လှေကားထစ်နှင့် ရှင်သန် နေဆဲ ၁၇-၁

ငြိမ်းချမ်းရေး လှေကားထစ်နှင့် ရှင်သန် နေဆဲ ၁၇-၁
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်တွင် မြန်မာ အစိုးရ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသော သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် နမ့်လင်းမိုင် ရုံးခွဲဥက္ကဌ စိုင်းကိန်အား အဓမ္မလက် မှတ် ရေးထိုးခိုင်းခြင်း၊ ၁၇-၁ နှင့် အမှုဖွင့် တရားစွဲမည်ဆိုသည့်အပေါ် ရပ်တန့် နိုင်ရေးအတွက် နိုင်ငံတော် အစိုးရကို တိုက်တွန်းသည့် ကြေငြာ ချက်တစောင် SNLD မှ ထုတ်ပြန် လိုက်သည်။ ကြေငြာချက်တွင် တိုက်တွန်း သောအချက်များနှင့် မတရား အသင်း ဆက်သွယ်သည့်ပုဒ်မ ဆက်လက်ရှင်သန်လျင် မည်သို့ဆက် လက်ဖြစ်လာနိုင်မည် ဆိုသည့်အချက်များအပေါ် သျှမ်းသံတော်ဆင့်မှ SNLD ပါတီ ပြောခွင့်ရ စိုင်းလိတ်အား မေးမြန်းထားသည်။

​မေး။    ။ မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကျိုင်းတုံမြို့ ကျားခေါင်း ပါတီရုံးခွဲ ဥက္ကဌ အဖမ်းခံရတဲ့ ကိစ္စနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့တယ်လို့ ကြားသိရပါတယ်။ ကျေးဇူးပြုပြီးရှင်းပြပေးပါလား ခင်ဗျ။

ဖြေ။    ။ကျနော်တို့ရဲ့ပါတီဝင်တယောက် ကျိုင်းတုံအခြေစိုက် ခလရ ၂၄၅ က ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ရိုက်နှက်စစ် ဆေးတယ်။  ပြီးတော့ ရဲစခန်းကိုလွှဲပြောင်းပေးပြီး မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူ ထောင်  ချဖို့ကြိုးပမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရားဥပဒေအရ ညီညွတ်ခြင်းမရှိဘူဆိုပြီးကျနော်တို့ ထုတ်ပြန် ထား တယ်။ သူ့အပေါ်   အရေးယူဆောင်ရွက်နေမှုကိုအမြန်ဆုံးရပ်တန့် ပေးဖို့ကျနော်တို့တောင်းဆို တဲ့ကြေငြာ ချက်ဘဲဖြစ်ပါတယ်။

shan snld

မေး။    ။ စိုင်းကိန်ကို စစ်ဆေးနေတဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုကြားသိရပါသလဲခင်ဗျ။
ဖြေ။    ။ သူ့ကိုထောင်ဝင်စာသွားတွေ့တဲ့ကျနော်တို့ရဲ့ စီအီးစီတယောက်ရဲ့ပြန်လည်ပြောပြချက်အရ  စိုင်းအိုက်ကျန်ကို သက်ဆိုင်ရာတွေက သူ့မှာအပြစ်ရှိတယ်ဆိုတဲ့အကြောင်း ၀န်ခံဖို့ အတင်းဖိအားပေးတယ်။ သူကိုယ်တိုင်က အပြစ်ကျူးလွန်တာမရှိလို့ လုံးဝ ၀န်မခံဘူး။ အဲလိုဝန်မခံတဲ့ကြားထဲကသူ့ကို အတင်းဘဲလက် မှတ်ထိုးဖို့ ဖိအားပေးပြန်တယ်။ လက်မှတ်မထိုးပြန်တော့ သူ့ကိုလက်ဆွဲပြီးတော့ လက်ဗွေနှိပ်ခိုင်းတယ်။ အဲလိုလက်ဗွေ နှိပ်ခိုင်းတဲ့ကိစ္စ သူ့ကို ၁၇-၁  နဲ့အရေးယူအပြစ်ပေးဖို့ အတွက်ဖြစ်တယ်လို့ သူယုံကြည်တယ် ပေါ့ နော်။ ဒါကြောင့် မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စ ဖြစ်တာကြောင့်မို့လို့ ကျနော်တို့ကန့်ကွက် စာထုတ်ရခြင်း ဘဲဖြစ် ပါတယ်။

 မေး။    ။လက်ဗွေနှိပ်ခိုင်းတာက စစ်တပ်မှာလား ရဲစခန်းမှာလား။
ဖြေ။    ။လက်ဗွေနှိပ်ခိုင်းတာက သူ့ကိုစစ်တပ်မှာဖမ်းထားတုန်းကတခါ တရားရုံးမှာသူ့ကိုစစ်ဆေးတုန်း ၉ ရက်နေ့ကတခါ သူ့ကိုလက်ဗွေနှိပ်တယ်။ ပြစ်ချက်အပေါ်မှာ လက်ဗွေနှိပ်တယ်ဆိုတော့ သူကိုယ်တိုင် အပြစ် ကျူးလွန်ပါတယ် ဆိုတာကိုဝန်ခံခိုင်းတဲ့သဘောလို့ထင်မြင်တယ်။ အဲဒီကိစ္စ သူဒီနေ့မှပြောပြလို့သိရ တာပါ။

မေး။    ။ အရင်တုန်းက ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြား ဆက်သွယ်ပေးဖို့ ဥက္ကဌကြီးခွန်ထွန်းဦးကို တောင်းဆိုဖူးတယ်မဟုတ်လား။
ဖြေ။    ။ကျနော်တို့ဥက္ကဌကြီးကပြောပါတယ် ငြိမ်းချမ်းရေးကြိုးပမ်းတည်ဆောက်စဉ်ကာလမှာပေါ့နော်။ ၀န်ကြီးဦးအောင်မင်း ရဲ့အကူအညီတောင်းခံချက်အရ အက်စအက်စ်အေတောင်ပိုင်းရောမြောက်ပိုင်းရော ကြားဝင်စေ့စပ်ပြီးတော့မှ ငြိမ်းချမ်း  ရေးမဖြစ်ဖြစ်အောင် တတ်နိုင်သလောက်ကြိုးပမ်းဆောင်ရွက်မယ်။ အဲဒီတော့အခုလို လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရော အစိုးရကိုယ်တိုင် ရော ငြိမ်းချမ်း ရေးကိုကြိုးပမ်းတည်ဆောက်နေတဲ့ ကာလမှာ သူတို့ကိုကူညီအားပေးနေတဲ့ ဥက္ကဌကြီး ခွန်ထွန်းဦးရဲ့ပါတီဝင် တယောက်ကို ဒီလိုမျိုးအတင်းဝန်ခံခိုင်းပြီး တော့မှ အပြစ်မရှိတာကိုအပြစ်ရှိသယောင် အမှုတည်ဆောက်ပြီးတော့မှ တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စသူလည်း စိတ်မကောင်းဘူးပေါ့နော် ဥက္ကဌကြီးအနေနဲ့။ ဒီအပေါ်မှာလည်း ကြိုးပမ်းပြီးတော့မှ ကူညီဖြေရှင်းပေးဖို့ ဦးအောင်မင်း ကနေတဆင့် သမ္မတကြီးကိုတင်ပြ ထားတယ်။ ၁ ရက် ၂ ရက်စောင့်နေပါဆို ပြီးတော့မှ ကျနော်တို့အခု စောင့်နေတာ ၃ ရက်မြောက်သွားပြီ။ ဘာမှ ပြန်လည်ဆက်သွယ်လာခြင်း လည်းမရှိဘူး။ ထူးခြားချက်လည်းမရှိလာတဲ့အတွက် ကျနော်တို့ရဲ့ပါတီဝင် မတရားသဖြင့်တရားစွဲဆိုခံရတဲ့အတွက် ကျနော်တို့ ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်တယ်။

ဒါပေမယ့် သမ္မတကြီးရဲ့ကြိုးပမ်းဖြေရှင်းချက်ကိုလည်းကျနော်တို့မျှော်လင့်နေတုန်းပါ။ ကူညီနိုင်မယ်ဆိုရင် တော့ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်ကိုလည်းပိုမိုပြီးအယုံအကြည်တိုးစေမယ်ပေါ့။ နို့မဟုတ် ရင် တော့အခုတော့ RCSS ဘဲပေါ့နော်။ နောက်ကျရင်ဘယ်လိုပုံစံမျိုးဆက်ပြီးပြန့်ပွါးသွားမလဲဆိုတာ တခြား အဖွဲ့ အစည်း တွေအပေါ်မှာ လည်း တစုံတရာအကျိုးသက်ရောက်စေမှာပေါ့နော်။ ဒါကြောင့်မို့ ယုံကြည်မှု မပျက် အောင် ငြိမ်းချမ်းရေးလည်း မပျက်စီးရအောင် အနှောင့်အယှက်မရှိရအောင်ကြီးတဲ့အမှု ငယ်စေ ငယ်တဲ့အမှု ပပျောက်စေလို့ သမ္မတကြီး ကိုယ်တိုင်က အရေးယူဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျနော် တို့အားလုံးက ၀မ်းသာရမှာပေါ့။

မေး။    ။ ကနေ့အခြေအနေမှာ ပုဒ်မ ၁၇-၁ ဆိုတာရှိဖို့လိုအပ်သလား။
ဖြေ။    ။၁၇-၁ ဆိုတာ မရှိသင့်တော့ဘူးလို့ လွှတ်တော်ထဲရောက်တဲ့နိုင်ငံရေးပါတီအများစုကလည်း တောင်းဆိုထား  တာလည်းကြာပြီ။ နောက်အပြင်ပဋိပက္ခအခြေအနေကိုကြည့်မယ်ဆိုရင်လည်း လက်နက် ကိုင်တိုင်းရင်းသား အားလုံးနီးပါးက ငြိမ်းချမ်းရေးလုပ်နေကြပြီ အပစ်အခတ်ရပ်စဲဖို့အတွက် လက်မှတ်ရေး ထိုးနေကြပြီ။ မတရား အသင်းအဖြစ်လည်းဘယ်သူမှရပ်တည်နေကြတာမဟုတ်တော့တဲ့ အတွက် ၁၇-၁ ဆိုတာ ပယ်ဖျက်သင့်ပြီ လို့ကျနော်မြင်တယ်။ အဲတာရှိနေသေးသရွေ့ ငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်း တွေမှာ ပြည်သူတွေအနေနဲ့ ၀င်ပါရဲမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဆူးညှောင့်ခလုတ်လိုဖြစ်နေတဲ့ ပုဒ်မ ၁၇- ၁ ကို ကျနော်တို့အနေနဲ့ လုံးဝ ပယ်ဖျက်ပေးစေချင်ပါတယ်။

မေး။    ။ ဟုတ်ကဲ့- စိုင်းအိုက်ကိန်ကို အစိုးရက မတရားအသင်းနဲ့ဆက်သွယ်တယ်လို့စွပ်စွဲတယ်။ ဒီ လက်နက် ကိုင်တပ်ဖွဲ့ တွေနဲ့ဆက်သွယ်တယ်ဆိုတာ ကြီးမားတဲ့အမှားတခုလို့မြင်မိပါသလားခင်ဗျ။
ဖြေ။    ။နိုင်ငံရေးအခြေအနေနဲ့ထည့်သွင်းပြီးစဉ်းစားသုံးသပ်ဖို့ လိုတာပေါ့နော်။ RCSS ကိုယ်တိုင်က ငြိမ်း ချမ်း ရေး လုပ်ဖို့ ပြည်ထောင်စုအဆင့်ကော ပြည်နယ်အဆင့်အစရှိအဆင့်တွေနဲ့လက်မှတ်ထိုးထားပြီးပြီ။ နိုင်ငံတော် သမ္မတကြီးနဲ့ကော လာရောက်တွေ့ဆုံဆွေးနွေးပြီးပြီ။ အဲဒီတော့သူ့ရဲ့အထက်ပိုင်းကပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့သဟဇာတဖြစ်နေတဲ့ အဆင်ပြေနေတဲ့ကာလမှာ သူတို့ရဲ့အောက်ခြေတပ်ဖွဲ့ အချင်းချင်း သို့မဟုတ် တစုံတခုသော အကြောင်းအရာကြောင့်ထိခိုက် ရတာ အမှုအခင်းဖြစ်ရတာ ဆိုတာ မျိုးကြောင့်နဲ့ ၁၇-၁ ဆိုတဲ့ပုဒ်မနဲ့စွဲမယ်ဆိုတော့ သိပ်တော့ အဓိပ္ပါယ်မရှိဘူးပေါ့နော်။ ၁၇-၁ နဲ့တရားစွဲ မယ်ဆိုရင် အဲဒီ အသင်းအဖွဲ့ဟာလည်း မတရားအသင်းအဖြစ် ဆက်လက် ရပ်တည်နေတယ်ဆိုတဲ့သဘောမျိုး သက်ရောက် သွားမှာပေါ့။

ဒါဆိုရင်သူတို့နဲ့ပတ်သက်မိသမျှလူတွေအကုန်လုံးက ၁၇-၁ နဲ့ထုသွားနိုင်တာပေါ့နော်။ ဒီလိုမျိုး ကျနော်တို့ရဲ့ လူတယောက်ကို သူတို့နဲ့ ပတ်သက်လို့ ၁၇-၁  နဲ့တရားစွဲမယ်ဆိုတာကတော့ကျနော်တို့အနေနဲ့ လက်ခံလို့ မရဘူး ။ အဓိပ္ပါယ်လည်းမရှိဘူးလို့မြင်ပါတယ်ခင်ဗျ။

မေး။    ။ ဒီအတိုင်းသာ ၁၇-၁ က ဆက်လက်ရှင်သန်နေဦးမယ်ဆိုရင်ကျနော်တို့ငြိမ်းချမ်းရေးခရီးက ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။    ။ ၁၇-၁ ကိုလက်နက်သဖွယ်ဆက်လက်သုံးနေမယ်ဆိုရင်တော့ တဖက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေကလည်း မယုံတဝက်ယုံတဝက်နဲ့ချဉ်းကပ်မှာပေါ့နော်။ အဲ့ခါကျရင်အားလုံးလိုလား တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်ကောင်းမှဖြစ်လာနိုင်မှာပေါ့နော်။ ဖြစ်လာမယ်ဆိုရင်လည်းဘဲ ဒီ ၁၇-၁ ကြောင့်နဲ့ အနှောင့်အယှက် တစုံတရာတော့ရှိနေဦးမှာပေါ့။

မေး။    ။ ဒီထုတ်ပြန်ကြေငြာချက်နဲ့ပတ်သက်ပြီး ဘယ်လိုထပ်ပြောချင်ပါသလဲ။
​ဖြေ။    ။ ဒီထုတ်ပြန်ကြေငြာချက်ကို သမ္မတကြီးဆီကိုရော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီရုံးကိုပါ လိပ်မူ ပြီးပို့ဦးမှာပါ။ ပို့ဖို့လည်းစီစဉ်နေပါတယ်။ အဲဒီတော့သက်ဆိုင်ရာအားလုံးပေါ့နော် အစိုးရဝန်ထမ်းတွေနဲ့ နောက်ပြီး တော့ နိုင်ငံတော်အဆင့် တာဝန်ရှိတဲ့ပုဂိုလ်တွေအားလုံးကော ငြိမ်းချမ်းရေး ကိုရှေးရှုပြီးတော့မှ တိုင်းရင်းသား ပြည် သူတွေရဲ့ ယုံကြည်ကိုးစားမှုကို အမှန်တကယ်လိုလားချင်တယ်ဆိုရင် ဘာမှမဖြစ်လောက်တဲ့ ဒီအမှုအခင်းလေး လောက်နဲ့ ကျနော်တို့ရဲ့အချင်းချင်းယုံကြည်မှုကိုမပျက်ပြားစေဖို့ ဝိုင်းဝန်းကြိုးပမ်း ကြစေချင်တာပေါ့နော်။ ဒါတွေကိုတော့ ကျနော် အားလုံးကိုတိုက်တွန်းပန်ကြားလိုပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ ။