ဖွဲ ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုများ ဧရာဝတီတိုင်းတွင် ဆက်တိုက်ပြုလုပ်

ဖွဲ ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုများ ဧရာဝတီတိုင်းတွင် ဆက်တိုက်ပြုလုပ်
by -
မဇ္စျိမ

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်များ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ ့အစည်း၊ ဒေသခံ ပြည်သူ အင်းအား ၄ဝဝကျော်က မေလ ၁၅ရက် နံနက် ၈နာရီမှ ၁၁နာရီအထိ ကျောင်းကုန်းမြို ့ထဲသို့ လှည့်လည်ပြီး ကြွေးကြော်သံများ လက်ကိုင်ဆိုင်း ပုဒ်များဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

“ဒီမိုကရေစီ စံနှုန်းတွေနဲ ့မညီတဲ့ အခြေခံဥပဒေကို ကျွန်မတို့က စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ချင်လို့ ပြင်ဆင်ဖို ့တောင်းဆိုရတာပါ"ဟု ကျောင်းကုန်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့က မအောင်ဆုတင့်က မဇ္စျိမကို ပြောသည်။

ဆန္ဒထုတ်ဖော်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ၅၉(စ)၊ (ဃ)တို့ကို ပြင်ဆင်စေလိုပြီး လွှတ်တော်အတွင်း၌ တပ်မတော်သား ၂၅ရာခိုင်နှုန်း ရှိနေခြင်းကိုလည်း မလိုလားသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု မအောင်ဆုတင့်က ရှင်းပြသည်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာနှုန်းဟာ ကာကွယ်ရေးဦးစီချုပ် လက်ထဲမှာရှိနေတယ်၊ ဖွဲ ့စည်းပုံပြင်ဖို ့တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်း သဘောမတူရင် ဘာမှလုပ်မရဘူး၊ အဲဒီ ၂၅ရာနှုန်းက တကယ်တော့ တယောက်ထဲပါပဲ၊ အဲဒီသူက ကာကွယ်ရေးဦးစီးချုပ်ပဲ၊ ကာကွယ်ရေးဦးစီးချုပ် ကလည်း နိုင်ငံသားတယောက်ပါပဲ၊ သူ သဘောမတူရင် ဖွဲ ့စည်းပုံပြင်လိုမရဘူး” ဟု ဆန္ဒဖော်ထုတ်ပွဲကို တက်ရောက်လာသူ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ဗဟိုမှ ဦးမျိုးရန်နောင်သိမ်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများက "၂ဝဝ၈ဖွဲ ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး"၊ "ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ၅၉(စ)၊ ပုဒ်မ၆(စ)၊ ဒီမိုကရေစီစံနှုန်းနှင့်မညီသောပုဒ်မများ" "ပြည်သူတင်မြောက်သော အစိုးရခေါင်းဆောင် ပေါ်ပေါက်ရေး"၊ "တိုင်းရင်းသား ပြည်သူတရပ်လုံးအား ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး" စသည့် ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းပုဒ်များဖြင့် ကျောင်းကုန် တံတားအောက်မှာ စတင်ပြီး၊ အောင်ဆန်းလမ်း၊ ကမ်းနားလမ်း၊ ရတနာပုံလမ်း၊ ဘုရင့်နောင်လမ်းနှင့် စေတနာရှင်ကားဂိတ်အထိ ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ကျောင်းကုန်မြို့နယ် ရဲတပ်ဖွဲ ့မှူးမှ ၁/၂ဝ၁၄ဖြင့် ခွင့်ပြုခဲ့သည်။

ဆန္ဒဖော်ထုတ်မှုတွင် ပြည်သူများက “နာဂစ် ဥပဒေ၊ ၂ဝဝ၈ အခြေခံဥပဒေ သွားလေသူတွေကို ကာကွယ်ပေးတဲ့ဥပဒေ အဲဒီဥပဒေတွေဟာ ပြင်စရာမလိုဆွဲစုတ်ပစ်ဖို့ ကောင်းတဲ့ဥပဒေ ”စာတန်းများကို ကိုင်ဆောင်အားပေးခဲ့သည်။

မေလ ၁ဝရက်ကလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့ အိုင်ဝိုင်ကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်စုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောခဲ့ပြီး မေလအတွင်း အိမ်မဲ၊ ဝါးခယ်မ၊ ကျောင်းကုန်းမြို့များတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။ မေလ ၁၆ ရက်တွင်လည်း ငပုတောမြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်မည်ဖြစ်သည်။

Most read this week