အစိုးရရေးဆွဲသည့် မျိုးစောင့်ဥပဒေ လိုအပ်ချက်များရှိပါက လက်ခံမည်မဟုတ် မဘသ ဆို

အစိုးရရေးဆွဲသည့် မျိုးစောင့်ဥပဒေ လိုအပ်ချက်များရှိပါက လက်ခံမည်မဟုတ် မဘသ ဆို
by -
မဇ္စျိမ

အစိုးရက ဖွဲ့စည်းထားသည့် မျိုးစောင့် ဥပဒေ ရေးဆွဲရေးကော်မရှင်က ရေးဆွဲထားသည့် ဥပဒေတွင် လိုအပ်ချက်များရှိပါက လက်ခံမည်မဟုတ်ဘဲ လိုအပ်ချက်များကို ထောက်ပြပြောဆိုသွားမည်ဟု အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ ဥပဒေအကြံပေးနှင့် ဗဟိုအလုပ်အမှုဆောင် ရှေ့နေဦးအေးပိုင်က ဆိုသည်။

“မျိုးစောင့်ဥပဒေ ထွက်လာရင်လည်း အားနည်းချက်၊ လိုအပ်ချက်တွေကို ထောက်ပြဝေဖန်သွားမှာပါ။ နောက် ဖြုတ်သင့်တဲ့အချက်တွေ၊ ထပ်မံဖြည့်စွက်သင့်တဲ့ အချက်တွေကိုလည်း ထောက်ပြတောင်းဆိုသွားမှာပါ။ ”ဟု ရှေ့နေဦးအေးပိုင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် မတ်လ ရ ရက်က မျိုးစောင့်ဥပဒေရေးဆွဲပြီး လွတ်တော်ကို တင်ပြနိုင်ရန် မျိုးစောင့် ဥပဒေရေးဆွဲရေး ကော်မရှင်ကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“မျိုးစောင့်ဥပဒေရေးဆွဲနေတဲ့ ကော်မရှင်နဲ့သီးသန့်ဆွေးနွေးသွားဖို့လည်းရှိပါတယ်။ လိုအပ်ချက်တွေကိုလည်း ထောက်ပြဝေဖန်သွားဖို့ ရှိပါတယ်”ဟု မဘသ ဗဟိုအလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင်မောင်ကဆိုသည်။

မျိုးစောင့်ဥပဒေတွင် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ များကို ရေးဆွဲပြီးစီးနေပြီဖြစ်ပြီး မကြာမှီရက်ပိုင်းတွင် ပြည်သူလူထုကို ထုတ်ပြန်ကာ သဘောထားတောင်း ယူသွားမည်ဖြစ်သည်ဟု ကော်မရှင်ကဆိုသည်။

မျိုးစောင့်ဥပဒေ အပေါ်ကန့်ကွက်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းလည်း မျိုးစောင့်ဥပဒေပါ အကြောင်း အရာများကို သေချာစွာမသိဘဲ ကန့်ကွက်နေခြင်း ဖြစ်သည်ဟု ဦးအေးပိုင်က ထောက်ပြပြောဆိုသည်။

“ကန့်ကွတ်တာကို မပြောလိုပါဘူး။ ဒါပေမယ့် မျိုးစောင့်ဥပေဒေက ထွက်မလာသေးဘူး။ မျိုးစောင့်ဥပဒေမှာ ဘာတွေပါလည်းဆိုတာလည်း သူတို့သေချာ မသိသေးဘဲ ကန့်ကွက်နေတာဆိုတော့ ရမ်းပြီးကန့်ကွက်သလို ဖြစ်နေတယ်” ဟု ဦးအေးပိုင်ကဆက်လက်ပြောကြားသည်။

မေလ ပထမပတ်က သမ္မတ ခွင့်ပြုချက်ဖြင့်ရေးဆွဲနေသည့် မျိုးစောင့်ဥပဒေကို အရပ်ဘက်လူမှုအဖွဲ့အစည်း ၁ဝဝနီးပါးက ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ထားသည်။ မေလ ၁၄ ရက်နေ့က မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅ဝခန့်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို တွေ့ဆုံလိုကြောင်း လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

Most read this week