နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ ပညာရေးအရလည်းကောင်း အဘက်ဘက်မှ နောက်ကျကျန်နေခဲ့သည့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများကို အမီလိုက်နိုင်ရန် တက်သုတ်ရိုက် ပြေးလွှားကာ ပြုပြင်ပြောင်းလဲရေးဟု အသံကောင်းဟစ်ပြီး ကမ္ဘာ့မိသားစုဝင်အဖြစ် ပြန်လည်ဝင်ရောက်နိုင်ရန် ကြိုးပမ်းလာခဲ့ သည်မှာ လက်ရှိအစိုးရ၏ သက်တမ်းထက်ဝက်ကျော်လာပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုနိုင်ရန် သို့တည်းမဟုတ် ပြည်သူတို့ကို နှစ်သိမ့်နိုင်ရန် အရပ်သားအစိုးရ၊ ဒီမိုကရေစီစနစ် စသည့်စကားလုံး အသုံးအနှုန်းများ လှိုင်လှိုင်သုံးလျက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေ သည်၊ ပြုလုပ်လျက်ရှိနေသည်ဟု လက်ရှိအစိုးရက ဆိုလျက်ရှိနေသည်။
ပြုပြင်ပြောင်းလဲရေးဟု ဆိုလိုက်ပါက ၁၅ သိန်းဖြင့် ရောင်းချခဲ့သည့် ဖုန်းကတ် တစ်ကတ်ကို ကျပ် ၁,၅၀၀ ဖြင့် ၀ယ်ယူရနိုင်မှု အပါအဝင် ၂၀၁၀ မတိုင်မီကာလများအတွင်းက ရန်ကုန်မြို့အတွင်း အိုမင်းဟောင်းနွမ်း နေပြီဖြစ်သော အငှားယာဉ်များမှသည် ယနေ့အချိန်တွင် ယာဉ်သစ်များ အစားထိုးဝင်ရောက်လာမှု စသည့် ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူလူထုအတွက် အကျိုးကျေးဇူး မများလှသော ပြုပြင်ပြောင်းလဲမှုဟု ဆိုရလိမ့်မည်။
၁၅ သိန်းဖြင့် ရောင်းချခဲ့သော ဖုန်းတစ်ကတ်ကို ကျပ် ၁,၅၀၀ ဖြင့် ရောင်းချခြင်းအတွက် ကျေးဇူးတင်သင့် သည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာ့ဆက်သွယ်ရေး၏ ၀န်ဆောင်မှုကို ထည့်သွင်းစဉ်းစားကြမည်ဆိုပါက ဖုန်းလိုင်းမမိဘဲ ဆက်သွယ်လိုသူထံ အကြိမ်ကြိမ် ခေါ်ဆိုရခြင်းကြောင့် ၀န်ဆောင်စရိတ် လိုအပ်သည်ထက် ပိုမိုကုန်ကျမှုနှင့် ဒေသတွင်းနိုင်ငံများတွင် အခမဲ့ရရှိနိုင်သည့် ဖုန်းကတ်ကိုပင် တန်းစီမဲနှိုက်ကြရခြင်းတို့ကြောင့် ပြုပြင်ပြောင်းလဲရေး၏ အနှစ်သာရသည် မည်သို့ရှိလေသနည်း။
အလားတူပင် ပြည်သူတို့အတွက် သွားလာရေးချောမွေ့စေရန် ကားများတင်သွင်းသည့် မူဝါဒလျှော့ချလိုက် ခြင်းကြောင့် ကိုယ်ပိုင်ကားစီးနိုင်သူ အရေအတွက်များလာခြင်း၊ အငှားယာဉ်များဖြင့် သက်သောင့်သက် သွာသွားလာနိုင်သည်ဟု ထင်မြင်စရာ ရှိပါသည်။ သို့သော် ကားစီရေများလာသည့်နည်းတူ ကားရပ်နားနိုင်သည့် နေရာ ရှားပါးခြင်း၊ ကားများ များပြားလာခြင်းကြောင့် တစ်နေရာနှင့် တစ်နေရာသို့ သွားလာရာတွင် လိုအပ်သည် ထက် အချိန်ကြာမြင့်ခြင်းတို့ကိုမူ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အစိုးရက ထည့်သွင်းစဉ်းစားခဲ့ဟန်မတူ ပေ။
ဤအခြေအနေများသည် မြို့နေလူတန်းစားတို့၏ ပြုပြင်ပြောင်းလဲရေးအပေါ် အမြင်များဖြစ်ပြီး ရ၀ ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမားတို့၏ အခြေအနေများသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေလိမ့်မည်။ အစဉ်အဆက်က သိမ်းယူခဲ့သော လယ်မြေများအတွက် နေ့စဉ်ဆိုသလို ကန့်ကွက်ဆန္ဒပြ၊ တောင်းဆိုမှုများ ပေါ်ပေါက်လျက်ရှိနေသည်။ လယ်မြေသိမ်းယူမှုများအတွက် ဖြေရှင်းရန် နည်းလမ်းအဖြစ် ကော်မတီဖွဲ့ကာ လယ်သမားတို့ထံ ပြန်ပေးရန် ကြိုးပမ်းသည့်နည်းဖြင့် ဖြေရှင်းသည်။
သို့သော် ဒေသအာဏာပိုင်တို့ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ဖြစ်ပေါ်နေပြီး စိုက်ပျိုးရာသီချိန် လယ်မြေများပြန်ရရန် လယ်သမားတို့ ထပ်မံဆန်္ဒပြကြသည့် ကိစ္စရပ်က ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။ သိမ်းယူလယ်မြေများပြန်ပေးမည်၊ မြေသိမ်းလမ်းစဉ်အစား မြေစွန့်လမ်းစဉ်သာ ကျင့်သုံးမည် စသည့် စကားလုံးများဖြင့် ပြုပြင်ပြောင်းလဲရေးဟုဆိုနေသော်လည်း ကျေးလက်နေတောင်သူတို့ဘဝ အခြေအနေမှာ အခြေခံအဆင့်ဖြစ်သော မိမိတို့ပိုင်မြေကို မိမိတို့ ပြန်မရသေးသည့် ပြုပြင်ပြောင်းလဲရေးအဆင့်တွင်ပင် ရှိနေပါသေးသည်။
မူဝါဒတစ်ခု အကောင်အထည်ဖော်ရန် ကာလတစ်ခုကို စောင့်ဆိုင်းရန်လိုအပ်သည်ဟူသည့် သီဝရီမှာမှန်ကောင်း မှန်နိုင်သော်လည်း ထိုမူဝါ၏ ဘေးထွက်ဆိုးကျိုးများနှင့် ဖြစ်လာနိုင်ခြေရှိသည်များကို ထည့်သွင်းတွက် ချက်ပြီး ထိရောက်အောင်မြင်သော ပြုပြင်ပြောင်းလဲရေးမျိုး ဖြစ်သင့်သည်။