“ကျမ မွန်စာ မသင်ချင်ဘူး” ဟူ၍ ကျနော်ရဲ့ မေးမြန်း ချက်ကို မပွင့်တပွင့်လေး သူမ ဖြေရှာသည်။
အသက် (၁၃) နှစ် အရွယ်ရှိ အိပွန် (ထိုင်းအမည်) အမည်ရသည့် ကလေး မလေးနှင့် သူ့အဖော် နှစ်ဦး တို့ကား ဘုရားကျောင်း လှေကားပျက်၌ ခပ်စောင်းစောင်း ထိုင်လျက် ကျနော်ရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြား ပေးနေသည်။
သူမတို့ သုံးဦး စလုံး အသက်အရွယ် မတိမ်းမယိမ်း ၊ (၆) တန်း၌ ပညာသင်ကြား နေကြသည့် ကျောင်းသူ လေးများ ဖြစ်ကြသည်။
အိပွန်ကား နေရောင်ရဲ့ တိုက်စား မှုကြောင့် မွဲခြောက်ခြောက်နှင့် ပိန်လှီသည့် ခန္ဓာကိုယ်အား ညစ်ထေး ထေး ဂါဝန် အပြာ ဆင်၍ တတ်နိုင် သမျှ လှပအောင် သူမ ဆင်မြန်း ထားသည်။ လိမ်းထားသော သနပ်ခါး ရေကျဲ တို့ကာလည်း နှပ်ချီး တွဲလွဲနှင့် ရောလျက် ကလေး ဖြစ်သူ ဟူသော ဂုဏ်ပုဒ်အား ပို၍ မီးမောင်း ထိုးနေသလားဟု ယူဆ ရသည်။
အနီးအနားတွင် သူမ အရွယ် ကလေးငယ်များ (၁၀) ယောက်ကျော် (၁၅) ယောက်ခန့် ဟိုနား တစ်အုပ်စု ဒီနား တစ်အုပ်စု ပြန့်ကျဲ၍ သူမ ကျနော့်အား အင်တာဗျူး ပေးနေ သည်ကို ခပ်လှမ်းလှမ်းက ရပ်၍ တစ်ဖုံ ကစား၍ တမျိုး အကဲခတ် နေကြသည်။ ကျနော် အင်တာဗျူး မေးနေသည်ကို အချင်းချင်း နောက်၍ ပြံုးရင်း ရယ်ရင်းဖြင့် အားပေး နေကြသည်။
အမှန် ပြောရရင် အသက် (၁၃) နှစ် ဟူသည်ကား မိန်းကလေးတစ်ယောက် အဖို့ အပျိုဖော် ဝင်ရန် မဝေးတော့သည့် အရွယ် ဖြစ်သည် ၊ အလှအပကို ခုံမင်တတ်လေပြီ၊ ဝတ်ကောင်းစားလှ ဝတ်ကား သပ်သပ် ရပ်ရပ် နေတတ်ရန် ကြိုးစား လေ့ကျင့် နေကြသည့် အရွယ် ဖြစ်ချေသည်။
သို့သော်ကား သူမ (အိပွန်) တို့၏ ဘဝပေး အခြေအနေကား ခါးသီး လှသည်။ မိဘများက ဆင်းရဲ ကြသည်။ တစ်နေ့လုပ် တစ်နေ့စား ဖြစ်သည်။ သူမ (အိပွန်) တို့၏ လုပ်အား တို့သည်လည်း မိသားစု ဝင်ငွေ အတွက် တစ်ဖက် တစ်လမ်းက အထောက် အကူ ပြုပေ လိမ့်မည်။ ယခုလည်း သူမကား မိသားစု ဝမ်းရေး အတွက် ကျောင်းပိတ် ရက်တွင် တစ်ဖက် တလမ်းက ဝင်ငွေ ဝိုင်းဝန်း ရှာပေး နေခြင်း ဖြစ်သည်။
မဆိုင်း မတွပင် ခပ်လှမ်းလှမ်း စက်သံ “ဒက်ဒက် ဒက်ဒက်” နှင့် လှေတစီး ကမ်းဆီသို့ ချဉ်းကပ် လာသည်။ ဆော့ကစား နေသည့် ကလေး (၃) လေးဦးခန့် အပြေး သွားကွာ ကမ်းကပ် နေသည့် လှေဦးအား ဝိုင်းထိန်း ပေးသူ ကထိန်း ၊ ချည်တိုင်ကြိုး ဝိုင်းဆွဲက ဖေးမ သူက ဖေးမဖြင့် ဗျာများ ကြကုန်သည်။
ဧည့်သည်များ (၁၀) ဦးခန့် လှေပေါ်မှ အကုန်အစင် ဆင်းပြီးသော အခါ “ဆဝါဒ်ဒီခပ် (ထိုင်းဘာသာဖြင့် မင်္ဂလာပါ) ဟု နှုတ်ဆက်ပြီး ၊ အစ်ကိုတို့ အမတို့ ဒီကို ရောက်လာ ကြတာ ဒီရေမြုပ် ဘုရားကျောင်း သမိုင်းကို သိကြပြီလား ၊ အကယ်၍ မသိသေးဘူး ဆိုရင် ၊ ကျမတို့ ဂိုက် (ဧည့်လမ်းညွှန်) အဖြစ် လိုက်လံ ပြသ ပေးပါမယ်” ဟု၍ တိုက်ထားသည့် အလား သံပြိုင် အော်၍ နှုတ်ခွန်း ဆက်သံကို ခပ်လှမ်းလှမ်းမှ အင်တာဗျူး မေးနေသည့် ကျနော် အတိုင်းသား ကြားရသည်။
အခြား ကလေးငယ် သုံးလေးဦးက ဘုရားပန်း ကပ်ရန် ပန်းစည်း ၊ ဖယောင်းတိုင် ၊ အမွှေးတိုင် ကိုယ်စီ ကိုင်၍ တစ်စည်း တစ်ဆယ် ဘတ်ဖြင့် ဧည့်သည်များ ဘုရား၍ ဝတ်ပြု ပူဇော်ရန် ရောင်းချ နေကြသည်။
ထိုသို့ ရေမြုပ် ကျောင်းပျက် (စံခလ ပူရီ၌ ဖြစ်သည်) သို့ အလည် လာကြသည့် ဧည့်သည် များအား ဝိုင်းဝန်း ကူညီ ပေးမှုဖြင့် ဧည့်သည် များက သူမတို့အား ဖုန့်ဖိုး ပေးသနား ကြသည်။
ထိုမုန့်ဖိုး သည်ကား သူမ မိသားစု၏ ညနေစာ အတွက် “ဝက်သားဟင်းကောင်း” တစ်ခွက် ဖြစ်နိုင်သလို၊ သူမ၏ ညီငယ် အတွက် “နို့မှုန့်ဖိုး” လည်း ဖြစ်တတ်သည်။ သို့သော် သူမ အမေ ပြောချက် အရ သူမ ကျောင်းအပ်ရန် သုံးရမည့် အသုံး စရိတ်နှင့် အကျႌ အဝတ်အစားများ ဝယ်ခြမ်းရန် သိမ်းထား ပေးမည် ဖြစ်သည်ဟု ဆိုသည်။
ယနေ့အဖို့ အိပွန် ၊ အိနီ၊ မမိုး တို့ သုံးဦးမှာ တစ်ဦးလျှင် ခုနှစ်ဆယ် ဘတ်ခန့် ရရှိပြီ ဖြစ်ကြောင်း ကျနော့်အား ပြောပြသည်။
သူမအား ထိုင်းမြေ၌ မွေးသည် ၊ ထိုင်းမြေ၌ ကြီးပြင်း ခဲ့သည်။ လူလား မြောက်တတ်သည့် အရွယ်မှ စ၍ ထိုင်းရိုးရာ ယဉ်ကျေးမှု၊ ထုံးတမ်း အစဉ် အလာ တို့နှင့်အတူ ကြီးပြင်းရင်း ကလေးဘဝရဲ့ အတိတ် နေ့ရက် များကို ဖြတ်သန်း ခဲ့ရသည်။
သို့သော် မွန်လူမျိုး ဖြစ်သည်။ မွန်စကားကို ပြောဆို နေသေးသည်။ သူမတို့ တက်ရောက် သင်ကြား နေသည့် ကျောင်း၌ “မွန်စာ” ကို အခြေခံ အဆင့် သင်ကြား ပေးနေလျက် ရှိသည်။ သို့သော် မွန်စာသင်ရန် သူမ စိတ်မဝင်စားပါ။ ဘာကြောင့် မသင်ချင် သလဲလို့ ကျနော် မေးခွန်း ထပ်ထုတ်မိသည်။
“ကျမ မွန်စာကို ဖတ်ရမှာ ပျင်းတယ်” ဟု သူမ ဖြေရှာသည်။
သူမနဲ့ ကပ်လျက် ထိုင်နေသည့် မအိနီ ၊ မမိုး တို့သည်လည်း (၆) တန်း ကျောင်းသူများ ဖြစ်ကြသည့် အပြင် ၊ တစ်ခန်းတည်း၌ တက်ရောက် သင်ကြား နေကြသည့် အခန်းဖော်
သူငယ်ချင်းများ ဖြစ်ကြသည်။
အိနီက (၁၃) နှစ်ဟု သူမ ကိုယ်ကို မိတ်ဆက်သည် (၁၄) နှစ်ဟု အိပွန်က အဓွန့်တက်၍ ပြောလေသည်။
သူတို့ သုံးဦး စလုံး (၁) တန်း (၂) တန်း၌ မွန်စာကို အခြေခံ သင်ကြား ခဲ့ရပြီး ဖြစ်သည်။ ယခုကား မေ့ကုန်ပြီ ဖြစ်ကြောင်း ပြောကြသည်။
“အစ်ကို ကျမတို့ကို မွန်စာ သင်ပေးတဲ့ ဆရာမကို သိလား၊ ခရူ (ထိုင်းဘာသာဖြင့် ဆရာ ၊ ဆရာမ ဟု အဓိပ္ပါယ်ရ) မ--------- လို့ ခေါ်တယ်၊ အဲဒီ ဆရာမက လှတယ်နော်” ဟု ကျနော့်ကို နောက်တောက်တောက်ဖြင့် ဟာသ နှော၍ ပြော အိနီက ပြောသည်။
သူမတို့၏ မိဘများကား နှစ် (၂၀) ကျော်ကြာ ကတည်းကပင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့၍ အခြေချ နေထိုင် ခဲ့ကြပြီး သူမ တို့သည်လည်း ထိုင်းမြေ၌ ကြီးပြင်း ခဲ့ကြသည်။ မြန်မာ ဟူ၍ ဘုရားသုံးဆူ နယ်စပ်သာ ရောက်ဖူးကြောင်း အိပွန်က ပြောရှာသည်။ အိနီ ကမူ သူမ၏ အဖိုးအဖွား တို့ကား မြန်မာ ပြည်၌ပင် ရှိနေကြသေး သော်လည်း တစ်ခါမှ အလည်အပတ် မသွား ရကြောင်း ကျနော့်ကို ဆွေးဆွေးမြေ့မြေ့လေး ပြောရှာသည်။
ယခုလ (၁၅) ရက်နေ့တွင် သူမတို့၏ ကျောင်းများ ပြန်လည် ဖွင့်လှစ် တော့မည် ဖြစ်သည်။
“မွန်စာ သင်ရန် စိတ်ဝင်စားလား” အိပွန်အား မေးသည့် အလားတူ အိမွန်နှင့် မမိုးတို့ကို တရင်းတနှီး ကျနော် မေးကြည့်သည်။
အိမွန်က “ဘာလုပ်မှာလဲ မွန်စာသင်ပြီး” ဟု ပြောရှာသည်။ အိမိုးက သင်ရန် စိတ်မဝင်စားဟု ရယ်ရယ်မောမောဖြင့် ပြောသည်။ ဘာကြောင့် သင်ရန် စိတ်မဝင် စားလဲဟု အိမိုးကို ကျနော် မေးခွန်း ထပ်ထုတ်တော့ (မိုင်းရှူခပ်၊ မိုင်းစွန်ကျိုင်) ဟု ထိုင်းဘာသာဖြင့် မသိဘူး ၊ စိတ်မဝင်စားဘူး”ဟု ကျနော့်ကို ရယ်၍ ပြန်ဖြေရှာသည်။
သူမတို့ သုံးဦးအား မေးမြန်းခြင်းကို ခေတ္တ နား၍ အခြား ကလေးငယ် များကို “မွန်စာ” သင်ရန် စိတ်ဝင်စားသလားဟု ၊ ကျနော် ချဉ်းကပ် မေးကြည့်သည်။ ယောက်ကျားလေး တစ်ဦး နှစ်ဦးက “မွန်စာ” သင်ရန် စိတ်မဝင် စားကြောင်း ပြောကာ ခမ်းလှမ်းလှမ်းက ဖြေ၍ ခပ်နွမ်းနွမ်း စက်ဘီး တစ်စီး အပေါ် စီး၍ ကျနော့် မေးမြန်းမှုကို ရှောင်ရှား၍ ပြေးကြသည်။
အသက် (၁၃) နှစ် ရှိပြီ ဖြစ်သည့် (၇) တန်းတွင် တက်ရောက် သင်ကြား နေသည့် မခရေ မှလည်း မွန်စာသင်ရန် စိတ်ဝင်စားလား ဟူသော ကျနော့် မေးခွန်းအား ခေါင်းခါ ပြ၍သာ ပြန်ဖြေ၍ ၊ ဘာလို့ သင်ရန် စိတ်မဝင်စားလဲဟု ဆိုသည်ကား “မွန်စာက ရေးရ ခက်တယ်၊ ဖတ်ရလည်း ခက်တယ်ဟု” မပွင့် တပွင့် ဖြေရှာသည်။
နေလည်း အတော် စောင်းပြီ ဖြစ်သည်။ ကျနော်လည်း အပြန်လမ်းဘက် ခြေလှမ်း ပြင်တော့သည်။ အပြန်လမ်း၍ စက်ဘီးစီး နေသည့် မအိဆိုင်း နှင့် မစမော်ရာဒ် တို့ကား ကျနော် မေးမြန်းချက်ကို စက်ဘီးကို ကျနော်အား ပတ်လျက် စီး၍ ပြန်ဖြေ ကြသည်။ မအိဆိုင်းကား (၁၀) နှစ် ရှိပြီ ဖြစ်ကား မစမော်ရာဒ်ကား (၉) နှစ် ရှိပြီ ဖြစ်သည်။ သူမတို့ နှစ်ဦးကား မွန်စာအား အနည်းငယ် ဖတ်တတ်၍ ရေးတတ် ကြသည်ဟု ပြန်ဖြေ ကြသည်။ မွန်စာမှာ ထိုင်းစာထက် ဖတ်၍ ခက်သည်ဟု သူတို့ နှစ်ဦးက ဖြေကြသည်။
သို့သော်လည်း အခြား မေးမြန်းသည့် ကလေးများနှင့် ကွဲပြားစွာပင် သူတို့နှစ်ဦးမှာ မွန်စာ သင်ချင်ကြောင်း ကျနော်အား ပြန်ဖြေကြ လေသည်။
အနာဂတ်၌ ထိုင်းနေ မွန်လူမျိုးတို့၏ ကလေးငယ်များ မွန်စာ တတ်မြောက်ရေးမှာ မရေရာသော အနာဂတ် ဖြစ်လာ တော့မလား ဟုသာ စိတ်ထဲမှာ စဉ်းစားရင်း ကျနော့်ရဲ့ စိတ်တို့ သည်လည်း စီးနေသည့် ဆိုင်ကယ် အလျဉ်တွင် မျောလွင့် ၍သာ အိမ်အပြန် လမ်းကို လှမ်းခဲ့ရသည်။