လက်ရှိ တိုင်းရင်းသား ဒေသ များအတွင်း အစိုးရ စစ်တပ် များမှ စစ်ဆင်ရေးများ ပြုလုပ် နေခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရရှိ ထားပြီး ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး သည်လည်း ပျက်ပြယ် သွားနိုင်မည့် အဆိုးဆုံး အခြေအနေ ဖြစ်လာ နိုင်မည်ကို စိုးရိမ် မိကြောင်း KNPP ဒု-ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။
“တဖက်က အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်း နေတယ် တဖက် မှာက အစိုးရ တပ်က ထိုးစစ် ဆင်နေတယ်။ အစိုးရ တပ်တွေဘက် ထိုးစစ် ဆင်နေ တာကို မရပ်တန့်ဘူး ဆိုရင် ယုံကြည်မှုတွေ ပျက်ပြားသွားနိုင်သလို အပစ်အခတ် ရပ်စဲ ရေးလည်း ပျက်ပြား သွားနိုင်တယ်လို့ ကျနော် မြင်တယ်” ဟု ခူဦးရယ်က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင် ပြည်နယ် တောင်ပိုင်း တို့၌ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင် လွတ်လပ်ရေး ပါတီ တပ်မတော် (KIA) တပ်ဖွဲ့ များနှင့် အစိုးရ တပ်တို့ ထိတွေ့ တိုက်ပွဲများ ယနေ့ ထက်တိုင် ဖြစ်ပွားလျက် ရှိပါသည်။
မေလ ၁၀ ရက် နံနက် ၌လည်း ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ၏ တပ်ရင်း (၃၆) နှင့် အစိုးရတပ် (စိစစ်ဆဲ) တို့ တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်းနှင့် တပ်မဟာ (၄) ဘက်၌လည်း အစိုးရ၏ စစ်အင်အား အဆက် မပြတ် ဖြည့်တင်းလျက် ရှိနေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် စစ်ရုံးချုပ်မှ အမည် မဖော်လိုသည့် အရာရှိ တဦးက ပြောသည်။
“ကျနော်တို့ ရှေ့တန်း တပ်မှူး တွေက နေပြီး အစိုးရစစ်ဆင်ရေး လုပ်နေတဲ့ အပေါ်သီးမခံ နိုင်တော့တဲ့ အနေအထားမျိုး ထိတောင် ရောက်လာ နေတယ်” ဟု KIA စစ်ရုံးချုပ် အရာရှိက ပြောသည်။
အစိုးရဘက်မှ တစ်ဖက်၌လည်း စစ်ဆင်ရေး လုပ်နေသည့် အလားတူ လာမည့် မေလ (၁၃) ရက်နေ့၌ ကချင်လွတ်လပ်ရေး အဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ များနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံရန် အတွက် ပြင်ဆင်လျက် ရှိကြောင်း KIA စစ်ရုံးချုပ် အရာရှိ ကြီးမှ ဆိုပါသည်။
ပြီးခဲ့သည့် မေလ (၉) ရက်နေ့၌ နမ့်ဆမ် မြို့နယ် နမ်းမတွီနှင့် လွတ်ပိတ် ရွာကြား၌ TNLA ၏ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် အစိုးရ တပ်မ (၇၇) တပ်ဖွဲ့ များနှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး အစိုးရ တပ်မှ ထိခိုက်မှု ရှိခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။
ယခု လပိုင်း အတွင်း၌ TNLA ထိန်းချုပ် နယ်မြေတွင် မကြာခဏ ဆိုသလို တိုက်ပွဲ ဖြစ်နေသည့် အတွက် ဒေသခံ ပြည်သူများ လည်း စစ်ပြေး ဒုက္ခသည် အဖြစ် ပုန်းအောင်း နေထိုင် ကြကာ လာမည့် ဇွန်လ ကျောင်းဖွင့်ချိန် အမှီ မိမိတို့၏ သားသမီးများ ပညာ မသင်ကြား နိုင်မည်ကို စိုးရိမ်ကြောင်း ဒုက္ခသည်များပြောသည်။