ငြိမ်းချမ်းရေးဆောင်ရွက်မှုအတွက် အီးယူ ဆက်လက်ထောက်ပံ့မည်

ငြိမ်းချမ်းရေးဆောင်ရွက်မှုအတွက် အီးယူ ဆက်လက်ထောက်ပံ့မည်
by -
မဇ္စျိမ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုလုပ်ငန်းများအတွက် ဥရောပသမဂ္ဂ (EU) မှ ထောက်ပံ့မှုများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ မစ္စတာ ရိုလန်ကိုဘီယာက မေလ ၈ ရက်တွင် ပြောသည်။

“ငြိမ်းချမ်းရေးနဲ့ လုံခြံုမှုရရှိရေးက မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အဓိကအခြေခံကျတဲ့ အချက်တွေပါ။ ဒီနှစ်ခု မရရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ ခဲယဉ်းပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟို ဌာန MPC အပါအဝင် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆောင် ရွက်နေတဲ့သူတွေကို အခြားပြည်တွင်းနဲ့ နိုင်ငံခြားအဖွဲ့တွေကို ထောက်ပံ့မှုတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မစ္စတာ ကိုဘီယာက၊ ရန်ကုန်မြို့၊ သင်္ကေတ (Signature) စားသောက်ဆိုင်တွင် ကျင်းပသော အီးယူနေ့အခမ်းအနားနေ့၊ စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင်ပြောသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် ပြီးပြည့်စုံသည့်အဆင့်မဟုတ်သော်လည်း တိုးတက်မှု များရှိနေသောကြောင့်လည်း ယခုကဲ့သို့ ကူညီမှုများကို ဆက်လက်ပေးသွားခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“မြန်မာပြည်မှာရှိတဲ့ ငြိမ်းချမ်းရေး အတွက် တိုးတက်မှုတွေက အီးယူက ထောက်ပံ့မှုတွေ ဆက်လက်ရဖို့ ထိုက်တန်ပါတယ်”ဟုလည်း မစ္စတာကိုဘီယာက ပြောသည်။ ၂၀၁၄ မှ ၂၀၂၀ ခုနှစ်အတွင်း အီးယူမှ ယူရို ငွေ တစ်ဘီလီယံကို မြန်မာနိိုင်ငံအတွက် အကူအညီပေးသွားမည်ဖြစ်ပြီး ထိုအထဲမှ ငြိမ်းချမ်းရေးကဏ္ဍ အတွက် ၁၅ ရာခိုင်နူန်း အသုံးပြုသွားမည်ဖြစ်သည်။

Most read this week