၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ထောက်ခံကြောင်း လက်မှတ် နှစ်သိန်းကျော် ကောက်ခံရရှိ

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ထောက်ခံကြောင်း လက်မှတ် နှစ်သိန်းကျော် ကောက်ခံရရှိ
by -
မဇ္စျိမ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် အထက်မြန်မာပြည်တွင် ထောက်ခံမှု လက်မှတ်များ ကောက်ယူလျက်ရှိရာ လက်မှတ်ပေါင်း နှစ်သိန်းကျော် ကောက်ခံရရှိနေပြီဖြစ်ကြောင်း ဦးဆောင်ကောက်ခံ နေသူ မေတ္တာကမ်ပိန်း အထက် မြန်မာပြည်တာဝန်ခံ ဦးညီညီကျော်က မေလ၈ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါလက်မှတ်များကောက်ခံခြင်း ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၈ရက်တွင် စတင်ပြီး ရရှိလာသောလက်မှတ် များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွား မည်ဖြစ်သည်။ ၂၀၁၄ခုနှစ်ကုန်ထိ ဆက်လက် ကောက်ခံကာ ရရှိလာသော လက်မှတ်များကိုလည်း ပြည်သူလူထု သိရှိစေရန် တရားဝင်သတင်းထုတ် ပြန်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ လက်ရှိကောက်ခံနေ တာကတော့ စစ်ကိုင်းရယ်၊ ရွှေဘို၊ ထန်းတပင်၊ ဇီးကုန်း၊ ကန့်ဘလူမြို့ အဲဒီမြို့တွေမှာ ကောက်ခံပြီးသလောက်ရှိနေပြီ။အခြား မကွေးတို့ မြင်းခြံတို့ မိတ္ထီလာတို့မှာလည်းကောက်ခံ နေပါတယ်။ အခုရတဲ့ နှစ်သိန်း ကျော်က ကျွန်တော်တို့ဆီပို့ထားတဲ့ စာရင်းပဲရှိပါတယ်။ အားလုံးကောက် ခံပြီးသွားရင် တရားဝင်သတင်းထုတ်ပြန်သွားမှာပါ။ ပြီးတာနဲ့လွှတ်တော်ထဲအရောက်ပို့မယ်။ သူတို့ဆီက တု့ံပြန်မှုပေါ်မူတည်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ဆက်ပြီး စီစဉ်မယ်”ဟု ဦးညီညီကျော်က ပြောသည်။

မန္တလေးမြို့တွင်လည်း အောင်မြေသာစံ နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ကောက်ခံနေလျက်ရှိပြီး ကျန်နေသေးသည့် မြို့နယ်များတွင် ဆက်လက်ကောက်ခံလျက်ရှိသည်။

“လက်မှတ်တွေ ကောက်ခံနေတဲ့နေရာ ဇွတ်ပြင်ရမယ်ဆိုပြီး လက်မှတ်မထိုးခိုင်းဘူး။ ဒေသခံကို ရှင်းပြ တယ်။ လက်ကမ်းစာစောင်တွေ ပေးတယ်။ ချက်ချင်းမကောက်ဘူး။နောက်ရက်တွေ စဉ်းစားခိုင်းတယ်။တကယ်ပြင်ဖို့လိုအပ်တယ်ဆို လက်မှတ်ထိုး။ မထိုးလည်း ဘာမှမဖြစ်ဘူး။လက်မှတ်မထိုးတဲ့သူ တချို့ လည်းရှိပါတယ်။ ကိုင်ပိုင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ကျွန်တော်တို့လုပ်နေတာတွေကလည်း လူ တစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့အစည်း တစ်ဖွဲ့အတွက်လုပ်နေတာ မဟုတ်ပါဘူး။အလွှာစုံ ပြည်သူလူထုကိုကိုယ်စားပြုပြီး လုပ်နေတာပါ”ဟု ဦးညီညီကျော်က ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် တစ်နိုင်ငံလုံးနီးပါးဆန်္ဒပြ တောင်းဆိုနေသော်လည်း တစ်စုံတစ်ရာတုံ့ပြန်မှု မရှိသေးသော ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးကို စိုးရိမ်ကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရအနေဖြင့် ပြည်သူလူထု၏အသံကို အမှန်တကယ်နားထောင်ပြီး တရားဝင် တုံ့ ပြန်မှု၊ သတင်းများ ထုတ်ပြန်သင့်ကြောင်း နှင့် ပွင့်လင်းမြင်သာလုပ်ဆောင်မှုများနှင့် သတင်းထုတ်ပြန်မှုများ လုပ်ဆောင်မှသာ ပြည်သူလူထုနှင့် အစိုးရတစ်သားတည်း ကျမည်ဖြစ်ကြောင်း ဦးညီညီကျော်က ဆိုသည်။

ထောက်ခံ လက်မှတ်များ ကောက်ခံနေမှုအား အထက်မြန်မာပြည် အနေနှင့် ဇွန်လမှစတင်ပြီး ကျန်ရှိနေသေး သည့် ကျေးလက်မြို့ရွာများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီးသည်။

ထို့အပြင် အဆိုပါလက်မှတ်များ ကောက်ခံရာတွင်လည်း စိတ်ပါ၀င်စားသော ပြည်သူများအနေဖြင့် ကူညီ ပါ၀င်ဆောင် ရွက်နိုင်ကြောင်း၊ မြန်မာနိုင်ငံအမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုလိုလားပါက ၂၀၀၈ဖွဲ့စည်း ပုံအခြေခံဥပဒေပါအချက်များအား အမြန် ဆုံးပြင်ဆင်ပေးဖျက်ပေးမှ ဖြစ်မည်ဖြစ်ကြောင်း လက်မှတ် ကောက်ခံနေသူများက ဆိုသည်။

Most read this week