တစ်နိုင်ငံလုံးအပစ်ရပ်ရေး မလွယ်ပါသေး

တစ်နိုင်ငံလုံးအပစ်ရပ်ရေး မလွယ်ပါသေး
by -
မွန်အေဂျင်စီ

တစ်နိုုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ပထမအကြိမ်ဆွေးနွေးပွဲကို ပြီးခဲ့သည့်မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင်ကျင်းပပြုလုပ်ခဲ့ကြရာ ပထမမူကြမ်းတစောင် ထွက်ပေါ်လာခဲ့သော်လည်း သဘောတူညီချက်မရရှိသေးသဖြင့် လာမည့်မေလ ၁၉-၂၀ နေ့ရက်များတွင် နှစ်ဖက်ပြန်လည်ဆွေးနွေးပါဦးမည်ဟု ဆိုသည်။

တစ်နိုုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးသည့် လက်ရှိအနေအထားကိုအောက်ပါ အတိုင်း လေ့လာတွေ့ရှိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်တွင်-
(၁)    ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊
(၂)    သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊
(၃)    ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊
(၄)    ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊
(၅)    နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကိုတိတိကျကျလိုက်နာရန်၊
(၆)    ဒို့တာဝန်အရေးသုံးပါးနှင့်ဒီမိုကရေစီအနှစ်သာရကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်။

အထက်ပါမူဝါဒ ၆ ချက်အနက် အချက် ၅ နှင့် ၆ တို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပါဝင်သည့် NCCT ဘက်က လက်မခံနိုင်ဟု ကြားသိနေရသည်။

တဖက်တွင်လည်း တိုင်းရင်းသားဘက်က “တော်လှန်ရေး” “ဖက်ဒရယ်” “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” စသည့် ပြောဆိုသုံးနှုန်းမှုများကိုလည်း အစိုးရမကြိုက်ဟု ဆိုသည်။

တိုင်းရင်းသားများ အစဉ်အဆက်မပြတ်တောင်းဆိုခဲ့သော ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို တပ်မတော်ဘက်က လက်မခံနိုင်သည့်အတွက် နှစ်ဖက်ရပ်တည်ချက်နှင့်လိုလားချက်များ ကွာခြားမှုများ ရှိလာကာ ဆက်လက်ဆွေးနွေးရန် ခဲယဉ်းနေသည်ဟုလည်း NCCT ခေါင်းဆောင်များသုံးသပ်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၅ အရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့အား တည်ဆဲဥပဒေအရ မတရားအသင်းဟု သတ်မှတ်ထားသဖြင့် အပစ်ရပ်ရေးလက်မှတ်ရေးထိုးပြီး သည်နှင့် တည်ဆဲဥပဒေအရ ယင်းအဖွဲ့အစည်းနှင့်ပါဝင်ပတ်သက်သူများကို ဖမ်းဆီးအရေးယူနိုင်မည့် အဓိပ္ပါယ်ဆောင်နေသည်။

အလားတူ ပြည်သူများလက်မခံပဲ ဆန္ဒပြနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား NCCT အနေဖြင့် မျက်စိစုံမှိတ်လက်ခံနိုင်မည့် အခြေအနေမတွေ့ရှိရသေးပေ။

တိုင်းရင်းသားနက်ကိုင်အဖွဲ့အစည်းအများစုသည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်ဟူ၍ အပစ်ရပ်စဲရေးသဘောတူညီချက် လက်မှတ် ၂ ကြိမ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း အချို့ဒေသများတွင် အစိုးရစစ်ကြောင်းများထိုးစစ်ဆင်တိုက်ပွဲများဆက်လက်ဖြစ်ပေါ်သောကြောင့် အဆိုပါအပစ်ရပ်လက်မှတ် ထိုးခဲ့ခြင်းသည် မည်သို့အဓိပ္ပါယ်ဆောင်နေသလောဟုပင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲလက်မှတ်ရေးထိုးပွဲအောင်မြင်ရေးကြိုးပမ်းစဉ်ကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် အစိုးရတပ်မတော်စစ်ကြောင်းများ လိုအပ်သည်ထက်ပို၍ “သာလွန်ထိုး စစ်ဆင်” နေကြောင်း UNFC က ထောက်ပြခဲ့သည်။

မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားအဖွဲ့များနှင့် အပစ်ရပ်စဲရေးသဘောတူညီမှုလက်မှတ်ကို အမြန်ရေးထိုး လိုသည့် ဆန္ဒရှိကြောင်း သမ္မတကြီး၏ပြောဆိုနေသော်လည်း တိုင်းရင်းသားနယ်မြေများထဲသို့ အစိုးရစစ် တပ်အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်နေသည်ကို သမ္မတကြီးအမိန့်ဖြင့်မဟန့်တားနိုင်ကြောင်းကချင်ပြည် နယ်စစ်ပွဲများက သက်သေခံနေဆဲဖြစ်သည်။

ထို့ကြောင့် မကြာမီပြန်လည်စတင်မည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆွေးနွေးပွဲအောင်မြင်ရေးသည် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA က သုံးသပ်မိပေသည်။