ရေးမြို့နယ်ကျောက်မီးသွေးလျှပ်စစ်စက်ရုံစီမံကိန်း မွန်လူငယ်များကန့်ကွက်မည်

ရေးမြို့နယ်ကျောက်မီးသွေးလျှပ်စစ်စက်ရုံစီမံကိန်း မွန်လူငယ်များကန့်ကွက်မည်
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ ရေးမြို့၊ အံဒင်ကျေးရွာအနီး Toyo Thai ကုမ္ပဏီ၏ မဂ္ဂါဝပ် ၁၂၈၀  ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းအား ကန့်ကွက်သွားမည်ဟု မွန်လူငယ်ဖိုရမ် Mon Youth Forun (MYF) အထွေထွေအတွင်းရေးမှူး မင်းဉာဏ်စိုက်ရာမာဉ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

အဆိုပါ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်စီမံကိန်းရပ်တန့်စေရေးအတွက် မွန်လူငယ်ဖိုရမ်နှင့်  ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ(၃) ရက်နေ့  မွန်လူငယ်ကွန်ဖရင့် (Mon Youth Conference) တွင် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်သည်ဟု မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ၏ပြာပုံ( E/HIA Gheco-one project in Mab Ta Phut, Thailand)

သူက “လာမည့် မေလ (၁၅ ) ရက်နေ့မှာ တာပသွန်ကျေးရွာ၊ အောင်မေတ္တာဘုန်းကြီးကျောင်းမှာ ကျနော်တို့ MYF က ကော်မတီအဖွဲ့ဝင်အသစ်ရွေးမယ်။ စီမံကိန်းရပ်တန့်စေရေးလုပ်ငန်းအသေးစိတ်ကို ဒီကော်မတီက လုပ်ဆောင်သွားမှာဖြစ်တယ်” ဟုပြောသည်။

မွန်ပြည်နယ်၌ အကြီးစားစီမံကိန်းများ၊ ကုမ္ပဏီကြီးများလုပ်ဆောင်ပါက ဒေသခံပြည်သူများ၏ သဘော ထားကောက်ခံပြီးမှသာ လုပ်ဆောင်သင့်ပြီး၊ ပြည်သူများ၏ သဘောဆန္ဒမပါပဲ လုပ်ဆောင်မည်ဆိုပါက နိုင်ငံရေးပါတီဝင်များ၊ သံဃာတော်များ၊ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ မွန်လူငယ်များ ပူးပေါင်းကာ ကန့်ကွက်သွားမည်ဟု ပြောသည်။

ေေေေေေ ရေးမြို့နယ်၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သူ မင်းစိုးသိန်းက “ လျှပ်စစ်မီး တစ်မျိုးတည်းရရုံနဲ့ ကျနော်တို့ လုပ်စားလို့ရတာမဟုတ်ဘူး၊ မီးခိုးတွေကြာင့် မြေဆီလွှာတွေပျက်စီးမယ်၊ ခြံထွက်သီးနှံတွေ အထွက်နှုန်းလျော့လာမယ်၊ ရှားလာမယ်၊ တစ်နာရီကို ပင်လယ်ရေဂါလံ ၄ ဒဿမ ၄ သန်းနှုန်းနဲ့ ပင်လယ်ထဲရေဆိုးတွေစီးဆင်းသွားမှာဖြစ်တဲ့အတွက် ရေထွက်ပစ္စည်းငါးပုဇွန်တွေလည်း အနီးအနားမှာ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး” ဟုပြောသည်။

ထိုဒေသသည် ဆန်စပါး၊ ရာဘာ၊ အုန်း၊ ကွမ်းသီး၊ ဥယာဉ်ခြံလုပ်ငန်း၊ ရာသီပေါ် သီးနှံမျိုးစုံ ထွက်ရှိသည့် ဒေသဖြစ်ပြီး၊ ပင်လယ် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းမှီတင်းနေထိုင်ကြသူများမှာ မွန်လူမျိုး များသာဖြစ်သည်ဟု ဆိုသည်။

သူက “ ဒီစီမံကိန်းကာလ ၄၈ လအတောအတွင်းမှာ ရပ်ဝေးနယ်ခြားက အလုပ်သမားတစ်သောင်းကျော်မက ဝင်ရောက်လာမယ်၊ သူတို့ဝင်ရောက်လာတဲ့အခါမှာ ကျနော်တို့ မွန်ဘာသာစကားကြားရတော့မှာမဟုတ်ဘူး၊ ဒေသခံအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျသွားရင် နောက်မျိုးဆက်တွေမှာ မွန်လူမျိုးပါပျောက်ကွယ်သွားမယ့် အခြေနေရောက်လာနိုင်တယ်” ဟုပြောသည်။

အနှစ် ၃၀ BOT စနစ်ရင်းနှီးမြှုပ်မှုဖြင့် မြေဧရိယာအကျယ်ဝန်း ဧက ၅၀၀ ခန့်ရှိသည် စက်ရုံတည်ဆောက်မည့်နေရာနှင့် အံဒင်ကျေးရွာသည် (၁)မိုင် ခန့်သာ ကွာဝေးပြီး အနီးအနားပတ်လည်ကျေးရွာ ရ ရွာ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ပြဿ    နာပေါင်းစုံဝင်ရောက်လာနိုင်သည့်အပြင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများလည်း ကွယ်ပျောက်သွားနိုင်သည်ဟု မင်းစိုးသိန်း က သုံးသပ်သည်။

ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှ ဘေးထွက်ဆိုးကျိုးများဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းကြောင့် ရောဂါဘယထူပြောလာခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် သား၊ ငါးများ သေကြေပျက်စီးဆုံးရှုံးခြင်း၊ အပူရှိန်မြင့်တက်ခြင်း၊ အက်စစ်မိုးကြောင့် စိုက်ပျိုးသီးနှံပင်များပျက်စီးခြင်း စသည့်အနေအထားများကြောင့် ဒေသခံများ ထိုဒေသမှစွန့်ခွာသွားရမည့် အခြေအနေ ရောက်လာနိုင်ဖွယ်ရှိသည်ဟု သူကဆက်ပြောသည်။

အလားတူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS) ကလည်း အဆိုပါ Toyo Thai ကုမ္ပဏီ၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းကန့်ကွက်ရေးအတွက် ဆက်လက်လှုပ်ရှားသွားမည်ဟု YSS ဥက္ကဋ္ဌ ဦးမြသန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောကြားခဲ့ပြီး ဖြစ်သည်။