ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရန် လမ်းလျှောက်လာသူများကို ကြိုဆိုသည့် လူ ၁၅ဝဝခန့်နှင့် လမ်းလျှောက်သည့် အဖွဲ့တို့ ပူးပေါင်းကာ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးအတွက် မေလ ရရက် မွန်းတည့် ၁၂နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု လမ်းလျှောက်သည့် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲထွဋ်ခေါင်က မဇ္စျိမကို ပြောသည်။
ရန်ကုန်မှ လမ်းလျှောက်လာသည့် အဖွဲ့နှင့်အတူ မြစ်ကြီးနားမြို့မှ သွေးချင်းဧရာဝတီ ကွန်ယက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဟောင်းများ အစည်းအရုံး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ရိုးရာအဖွဲ့၊ ကချင်လူငယ်အဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း ပူးပေါင်း အင်အား ၁၅ဝဝ ခန့် မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။
“ဒီနေ့က ကျွန်တော်တို့ မော်ဖောင်းမှာစခန်းချနေတာ မြစ်ကြီးနားမြို့ပေါ်က လူတွေက ကျွန်တော်တို့ကို ကြိုဆိုပါသည်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ဝန်းရံပြီး မြစ်ကြီးနားမြို့ကို ခေါ်သွားတယ်။ ကျွန်တော်တို့နဲ့ လူထုအင်အား ၁၅ဝဝ ဝန်းကျင်လောက်က ဝင်ရောက်လာပြီးတော့ မြစ်ဆုံဖျတ်သိမ်းရေး ကြွေးကြော်ဆန္ဒပြကြတယ်။ ကျွန်တော်တို့ နားခိုတဲ့ နေရာကနေ မြို့ထဲ လူစည်ကားရာ နေရာမှန်သမျှကို ပတ်ပြီးတော့ ဆန္ဒပြကြတာ”ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။
ဆန္ဒထုတ်ဖော်သူများသည် "CPI Get Out" ဆိုသော စာတမ်းများ၊ "ဧရာဝတီ မြစ်ဆုံ ဖျက်သိမ်းရေး ဒို့အရေး"၊ "ဧရာဝတီ ဖျက်ဆီးသူ ဒို့ရန်သူ" ဟူသော ဆိုင်းဘုတ်နှင့် အတူ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှု မပြုလုပ်ရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက မေလ ၆ ရက်နေ့က ကိုရဲထွဋ်ခေါင်အပါအဝင် မြစ်ကြီးနားမြို့မှ အဖွဲ့များကို ခေါ်ယူ၍ သတိပေးခဲ့သည်ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။
“ဒီနယ်မြေက အမဲရောင်နယ်မြေဖြစ်တယ်။ တပ်မတော်နဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလို့ မရတဲ့ နေရာဖြစ်လို့ ဝင်ရောက်ခွင့်မပေးနိုင်ပါဘူး။ အဲဒီအတွက်ကြောင့်မလို့ မြစ်ဆုံ ဖျက်သိမ်းရေးနဲ့ တပတ်သက်ပြီး သူအနေနဲ့ ခွင့်မပြုနိုင်ဘူး။ အကယ်၍ ဝင်လာမယ်ဆိုရင် ပုဒ်မ ၁၈ နဲ့ တရားစွဲ ဆိုမယ်လို့ ပြောပါတယ်"ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။
မေ ရရက်က ဆန္ဒပြမှုတွင်မူ အာဏာပိုင် အစိုးရ အဖွဲ့အစည်းများဘက်မှ တားဆီးနှောက်ယှက်ခြင်း မရှိသော်လည်း စောင့်ကြည့် မှတ်တမ်းတင်ခြင်းများ ရှိသည်ဟု ဆိုသည်။
ရန်ကုန်မြို့မှ လမ်းလျှောက်လာသူ ၄ဝ ကျော်မှာ မြစ်ကြီးနားမြို့ရှိ မန္တလေးကျောင်းတိုက်တွင် တစ်ညအိပ်ကာ မေလ ၈ ရက်တွင် ဒေသခံ ၅ဝဝ ကျော်နှင့်အတူ မြစ်ကြီးနား အနှံ့ မြစ်ဆုံဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်မည် ဖြစ်ပြီး မြစ်ကြီးနားမြို့မှ မြောက်ဘက်သို့ ဆက်လက် လမ်းလျှောက် ချီတက်ကာ မြစ်ဆုံ မရောက်မီ အာလမ်ကျေးရွာအုပ်စု ဒွမ်ဂမ်ကျေးရွာတွင် ရပ်နားပြီး ၎င်းတို့ ရရှိသော အလှူငွေများကို ပေးအပ်လှူဒါန်း သွားမည်ဟု ဆိုသည်။
မေလ ၉ ရက်တွင် အောင်မြင်သာကျေးရွာသို့ ဆက်လက် ချီတက်ကာ ကျေးရွာသားများနှင့် ပူးပေါင်း၍ မြစ်ဆုံစီမံကိန်း တည်ရှိရာ အဝင်ဝတွင် ၄ နာရီကြာ ဆန္ဒဖော်ထုတ်ပြီးနောက် တန်ဖရဲကျေးရွာသို့ အရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
မေလ ၁ဝ ရက်တွင် မြစ်ဆုံ ဖျက်သိမ်းရေး လူထုဆန္ဒဖော်ထုတ်ပွဲကို ကျင်းပမည် ဖြစ်ပြီး မေလ ၁၁ ရက်တွင် အမှတ်တရ ကျောက်တိုင် ဖွင့်လှစ်ပွဲကို ကျင်းပသွားမည်ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ ရန်ကုန်မြို့မှ စတင် လမ်းလျှောက်ချီတက်လာသော ဦးဆောင်သူ ကိုရဲထွဋ်ခေါင် အပါအဝင် ခေါင်းဆောင်များကို လမ်းတလျှောက်ရှိ မြို့နယ်ပေါင်း ၅ဝ ကျော်တွင် သက်ဆိုင်ရာ အာဏာပိုင်များက တရားစွဲဆိုထားသည်ဟု သိရသည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ကားလမ်းမှ လမ်းလျှောက်လာသူ ၂၂ ဦးတို့မှာ မြစ်ကြီးနားမြို့သို့ ရောက်မလာသေးပေ။