အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၏ ကမ်းလှမ်းမှုမရှိဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ၀င်ရောက်လိုခြင်း မရှိသော်လည်း နှစ်ဖက်အဖွဲ့အစည်းများက လက်ခံနိုင်သော အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပေါ်လာရန် တတ်နိုင်သမျှ ၀င်ရောက်ကူညီသွားရန် ဆုံးဖြတ်ခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်နေသူ ဦးမြအေးက မဇ်္စျိမကို ပြောသည်။
“အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် တဲ့နေရာမှာ တစ်ဖက်နဲ့တစ်ဖက် မျှမျှတတ သဟဇာတဖြစ်ဖို့ နှစ်ဖက်လုံးကို အကြံပြုပြီး ဆွေးနွေးသွားမှာပါ” ဟု ကိုမြအေးက မဇ္စျိမကို ပြောသည်။
နိုင်ငံရေး ဆွေးနွေးပွဲများဖြစ်လာရန် တစ်နိုင်ငံလုံးအဆင့် အပစ်ရပ်စဲရေး အဆင့်ကို ကျော်လွှားရန်လိုအပ် သော်လည်း လက်ရှိ အပစ်ရပ်စဲရေးဖြစ်စဉ်သည် ယင်းကဲ့သို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါ၀င်ကူညီသော်လည်း အမှန်တကယ် အလုပ်ဖြစ်နိုင်မည် မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဗေဒါနိုင်ငံရေး သင်တန်းကျောင်း၏ ဒါရိုက်တာ မျိုးရန်နောင်သိန်းက သုံးသပ်သည်။
“ကျွန်တော့်အနေနဲ့ ဒါကို အားပေးတယ်။ ဒါပေမဲ့ For Show (အပြ)ပေါ့။ လုပ်ရပ်အပြမျိုးပဲ မြင်တယ်ဗျ။ တကယ် အလုပ်ဖြစ်နိုင်မယ် မထင်ဘူးဗျ”ဟု သူက ပြောသည်။
ဆက်လက်၍ “အခုငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်တွေ ကြည့်ရင်လည်း ထိထိရောက်ရောက် အောင်မြင်တာမျိုး မတွေ့ရဘူး။ ကျွန်တော်ဘာတွေ့ရလဲဆိုတော့ လုပ်ပြနေတယ်လို့ပဲ မြင်တယ်။ အခု အစိုးရက လုပ်တာတောင် မအောင်မြင်ဘဲ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ အကြံဉာဏ်ပေးတယ် ဆိုလို့ရှိရင်လည်း အမှန်ဆိုရင်တော့ အလုပ်ဖြစ်အောင် လုပ်မယ်ဆိုရင် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း အကြံဉာဏ်ပေးဖို့ကိုမလိုဘူး။ သူအလုပ်ဖြစ်အောင် ဆောင်ရွက်သွားမှာပဲ။ အဲဒါကြောင့် ထွေထွေထူးထူး ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တာ”ဟု သူက ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိန်းကလည်း “တကယ်တမ်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးကြီးဆုံးက အစိုးရက အရေးကြီးဆုံးပဲလို့ မြင်တယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၈၈ပဲ ၀င်လုပ်လုပ်၊ NLD ပဲ ၀င်လုပ်လုပ် အစိုးရဘက်က အဓိကကျတယ်။ အစိုးရဘက်က သဘောထားကြီး ကြီး မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မြန်မယ်လို့ မြင်တယ်။ အဲလို မဟုတ်ရင်တော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လေးလံနေမှာပဲ။ နှောင့်နှေးကြန့်ကြာနေမှာပဲဟု မဇ္စျိမကို ပြောသည်။
၈၈ မျိုးဆက် အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ၀င်ရောက်ကူညီနိုင်သော အခန်းကဏ္ဍများ နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် ၈၈မျိုးဆက်အဖွဲ့မှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးအံ့ဘွယ်ကျော်နှင့်ဒေါ်စော နန်းတို့ မေလ ၆ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) တွင် တွေ့ဆုံဆွေး နွေးခဲ့ကြသည်။
ဦးမြအေးက “နှစ်ဖက်ဆွေးနွေးမှုတွေမှာ စကားလုံးဝေါဟာရပိုင်း ကွာဟချက်တွေနဲ့ အမြင်တိမ်းစောင်းမှု တွေ ရှိနေတယ်။ ကချင်မှာဆိုလဲ စစ်ပွဲတွေရှိနေတော့ ဒီစစ်ပွဲတွေရဲ့ သက်ရောက်မှုကြောင့် တစ်ဖက်က အပစ်ရပ် ဆွေးနွေးပွဲကြီးတစ်ခုလုံး လမ်းကြောင်းလွဲသွားတာမျိုး မဖြစ်သင့်ဘူးဆိုတဲ့အပေါ်ကို အဓိက ဆွေးနွေးခဲ့တာပါ”ဟု ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းတစ်ခုတည်းကို ထပ်မံအ ချောသပ်ရေးဆွဲရန် အစိုးရနှင့် တိုင်းရင်း သားအဖွဲ့များသည် မေ ၁၉ ရက်နှင့် ၂၀ ရက်တွင် တွေ့ဆုံမည် ဖြစ်သည်။
ယင်းအပြင် ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် မေ ရရက် နံနက် ၁၀ နာရီတွင် ၈၈ မျိုးဆက်ရုံးတွင် တွေ့ဆုံမည် ဖြစ်သည်။