မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဆွေးနွေးခွင့်ရသော အမေရိကန်တွင်ပြုလုပ်သည့် Global Conferenceတွင် မြန်မာ့ပြုပြင်ပြောင်းလဲရေး ခိုင်မာမှုအခြေအနေကို နိုင်ငံအများစုက မေးခွန်းထုတ်ခဲ့သည်ဟု ပါ၀င် ဆွေးနွေးခဲ့သူ အမေရိကန်ရောက် ဒေါက်တာမင်းဇော်ဦးက မဇ္ဈိမကို ပြောသည်။
အမေရိကန်နိုင်ငံ၊ လော့စ်အင်ဂျလိစ်ရှိBeverly Hilton Hoteတွင် ကျင်းပသည့် Global Conference နောက်ဆုံးရက် ဧပြီ ၃၀ တွင် မြန်မာပြည်မှ “မြန်မာ့အသွင်ကူးပြောင်းရေး” ခေါင်းစဉ်ဖြင့် တစ်နာရီကြာ ဆွေးနွေးခွင့်ရရာတွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေသည့် ဒေ သအခြေအနေများနှင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှု အခြေအနေများကို အမေရိကန်၊ သြစတြေးလျနှင့် အခြားနိုင်ငံများမှ ဆွေးနွေးပွဲတက်ရောက်သူ ၁၀၀ ကျော်က မေးခွန်းထုတ်ခဲ့ကြသည်ဟု ဆွေးနွေးခဲ့သူ မြန်မာကိုယ်စားလှယ်များထံမှ သိရသည်။
မြန်မာငြိမ်းချမ်းရေးဂေဟာမှ ဒေါက်တာမင်းဇော်ဦးက “ဒီ Reform (ပြုပြင်ပြောင်းလဲမှု) က ဘယ်လောက် ခိုင်သလဲ။ Reform ကို ဘယ်လောက်ဆက်သွားလို့ရမလဲ။ ဒါတွေမေးကြတယ်”ဟု ဆိုသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ခိုင်မာမှု အတိုင်းအတာ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ၊ စစ်ဖြစ်ဒေသအနေအထားများကို နိုင်ငံအများစုမှ မေးမြန်းကြသည့်အပြင် မေးမြန်း ချက်များတွင် “မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်လား။ တချို့သတင်းထောက်တွေ လက်ရှိ အဖမ်းခံနေရသည့် အခြေအနေ”များလည်း ပါ ၀င်သည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ စစ်ဖြစ်ဒေသတွေမှာ အခု အခြေအနေ ဘယ်လိုရှိလဲ၊ IDP တွေ ပြန်နေ ပြီလား စသည်ဖြင့် မေးကြတာတွေရှိပါတယ်”ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
ဆွေးနွေးပွဲတက်ရောက်သူများမှာ မြန်မာပြည်၏ လက်ရှိအနေအထားများကို မေးမြန်းခဲ့ကြပြီး တစ်စုံတစ် ရာ မှတ်ချက်ပေးခြင်းမျိုးမရှိဟု ဆိုသည်။ တက်ရောက်သူများတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အပါအ ၀င် အလှူရှင်အဖွဲ့အစည်းများလည်း ပါ၀င်သည်ဟု သိရသည်။
ပါ၀င်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးက “လာတက်တဲ့သူတွေထဲမှာ မြန်မာနိုင်ငံရောက်ဖူးတဲ့လူလည်း ပါတယ်။ တချို့လဲ မြန်မာအရေး စိတ်ဝင်စားလို့ လာတက်ပြီးတော့ မေး မြန်းကြတာတွေ ရှိပါတယ်။ နိုင်ငံအပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့ နောက် အရင်းအနှီးစျေးကွက်(Capital Market) နဲ့ပတ်သက်ပြီး ပြောဆိုကြတာတွေ ရှိပါတယ်”ဟု ပြောသည်။
မြန်မာ့အရေးဆွေးနွေးပွဲကို ဦးကိုကိုကြီး၊ ဒေါက်တာမင်းဇော်ဦး Serge Pun & Associate ဥက္ကဋ္ဌ ဦးသိမ်း ဝေ၊ ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်တို့ ပါ၀င်ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာပြည်မှ ကိုယ်စားလှယ်များ အဓိကပေးသည့် အချက်အလက်မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက်ရှိ ပြီး ၀င်လာမည့် ရင်းနှီးမြှုပ်နှံမှုများမှာ ကျင့်ဝတ်နှင့်လျော်ညီသော၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ် ဖို့လိုသည်ဆိုသော အချက်ဖြစ်သည်ဟု ဆွေးနွေးသူများထံမှ သိရသည်။
ဦးကိုကိုကြီးက “အဓိကကတော့ ကျွန်တော်တို့ ဒီ ၈၈ မှာ ကျောင်းသားဘဝကနေပြီးတော့ ဒီကို ပါလာ တယ်ဆိုတာဟာ အဓိက ဖွံ့ဖြိုးတိုးတက်မှုမရှိလို့၊ နိုင်ငံက အဆင်းရဲဆုံးနိုင်ငံဘဝကို ရောက်သွားလို့ မကျေနပ်တာ အဓိကပဲ။ အဲတော့ အခုလဲပဲ ကျွန်တော်တို့က ဒီဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆိုတာကို ကျွန်တော်တို့က လိုအပ်တယ်။ သို့သော် အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့နေရာမှာ တာဝန်ယူ မှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး၊ နောက် ပွင့်လင်းမြင်သာမှုရှိဖို့ ကျင့်ဝတ်နဲ့အညီလုပ်ဖို့ Ethnical Investment တွေဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော် ဆွေးနွေးခဲ့တယ်”ဟု ပြောသည်။
ယခင်စစ်အစိုးရလက်ထက်တွင် လုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးအမြတ် မည်သို့ခွဲဝေသည်ကို မသိကြရသည့်အတွက် လက်ရှိနိုင်ငံတွင်းဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် နောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူများအပေါ် အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်စေချင်သည်ကို မြန်မာပြည် ကိုယ်စားလှယ်များက ဆွေးနွေးပြောဆိုခဲ့သည်။
“မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲ ပိုခိုင်မာဖို့ဆိုရင် နိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း လို မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုခိုင်ဖို့ဆိုရင်လဲ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ၊ လူတွေအလုပ်ရအောင် လုပ်ပေးနိုင်ဖို့တွေ ဒါတွေ အရမ်းအရေးကြီးတယ်။ တစ်ဖက်ကလည်း အဲလိုလာပြီး ရင်းနှီးမြှုပ်နှံမယ့်သူ တွေအနေနဲ့ ကျင့်ဝတ်နဲ့ညီဖို့၊ တာဝန်ယူမှုရှိဖို့လိုတယ်။ အဲဒီမက်ဆေ့ချ်ကို အဓိက ၀ိုင်းပြီးပေးကြတာပါပဲ” ဟု ဒေါက်တာမင်းဇော်ဦးက ပြောသည်။
အဆိုပါ Global Conference ကို အမေရိကန်နိုင်ငံအခြေစိုက် Milken Institutes သုတေသနအဖွဲ့၏ အ စီအစဉ်ဖြင့် ၁၉၉၈ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ပဋိပက္ခများနှင့် ရင်ဆိုင်နေရသော နိုင်ငံများ၏ ပြဿနာများ ကို နိုင်ငံတကာပညာရှင်များက ၀ုိင်းဝန်းဆွေးနွေးခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် ဆွေးနွေးပွဲတွင် မြန်မာ့အရေးအပါအဝင် ခေါင်းစဉ်ပေါင်း ၂၀၀ ကျော် ဆွေးနွေးနှီးနှောဖလှယ် ပွဲများ ကျင်းပခဲ့သည်။