အမဲသား တစ်ပိဿာ ကျပ်တစ်သောင်း ဖြစ်နေသည့် ခေတ်ကြီးတွင် တစ်လ လစာကျပ် တစ်သိန်းပင် မပြည့် သည့် အလုပ်သမားများ၏ ဘဝကို အားလုံးစာနာ နားလည်ပေးနိုင်ကြမည် ထင်ပါသည်။
အစိုးရဝန်ထမ်းများကို လစာတိုးပေးမည်ဟု ကြေညာလိုက်ပြီးနောက် ကုန်စျေးနှုန်းက မြင့်တက်လာ ကြောင်း ဖိနပ်စက်ရုံမှ အလုပ်သမား ကိုထွန်းလင်းက ဆိုသည်။ စက်မှုဇုန်လိုနေရာမျိုးတွင် ယခင်စျေးထက် ဆန်တစ်ပြည် တစ်ရာကျပ်အထိ မြင့်တက်လာပြီး အသားစျေးမှာ တစ်ဆယ်သား ကျပ် ၂၀၀အထိ မြင့်လာ ခဲ့သည်ဟု ဆိုလေသည်။ ထိုသို့ ကုန်စျေးနှုန်းမြင့်တက်လာချိန်တွင် အလုပ်ရှင်များကလည်း အနည်းဆုံး အခကြေးငွေသတ်မှတ်ပြီးမှသာ လစာတိုးပေးဖို့ စဉ်းစားနိုင်မည်ဆိုသဖြင့် အလုပ်သမားများ အခက်တွေ့ နေရသည်ဟု ၎င်းက ဆိုသည်။
“နိုင်င့ံဝန်ထမ်း လစာတိုးမြှင့်ချိန်မှာ အစိုးရက ကုန်စျေးနှုန်း မထိန်းချုပ်နိုင်လို့ စက်ရုံလုပ်သားတွေ မခံနိုင်ကြ ပါဘူး။ မကျေနပ်ချက်တွေ စုပုံလာတာတွေကနေ ဆန္ဒပြတာတွေ ဖြစ်ပေါ်လာတာပါ။ အလုပ် သမားများ အတွက် အနိမ့်ဆုံး လစာသတ်မှတ်ပေးရေးက အရေးတကြီး လိုအပ်နေပါ ပြီ။ ဒါကိုလည်း အလုပ်ရှင်တွေ ဘက်က အနိမ့်ဆုံး လစာသတ်မှတ်ပေးပြီးမှ တိုးပေးမယ်လို့ ပြောကြပါတယ်” ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးနိုင်ရေးနှင့် ပတ်သက်ပြီး အလုပ်သမား အဖွဲ့ အစည်းများ အလုပ်သမားများက တောင်းဆိုနေကြပြီ ဖြစ်သည်။
ဖိနပ်စက်ရုံမှ အလုပ်သမား ကိုထွန်းလင်းက“အလုပ်သမားအားလုံးရဲ့ အရေးဟာ အစိုးရရဲ့ဆုံးဖြတ်ချက်၊ လုပ်ပေးပိုင်ခွင့်တွေပေါ်မှာ မူတည်နေပါတယ်။ အစိုးရက အနိမ့်ဆုံးလစာ သတ်မှတ်နိုင်ရေး ကြပ်ကြပ်မတ် မတ်လုပ်ပေးဖို့ အရေးတကြီး လိုအပ်သလို၊ လုပ်ပေးဖို့လည်း တောင်းဆိုပါတယ်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ရန်ကုန်ရှိ စက်မှုဇုန်များမှ အလုပ်ရုံများတွင် အခြေခံလုပ်ခ၊ လစာတိုး မြှင့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေးရရှိရန် တောင်းဆိုလာကြပြီး အလုပ်ရှင်၊ အလုပ်သမား ကြား အငြင်းပွားမှုများ ပြင်းထန်လာခဲ့သည်။ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် အလုပ်ရှင်များနှင့် အလုပ်သ မားအဖွဲ့အစည်းများ၊ ၀န်ကြီးဌာနှင့် ဥပဒေအရဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီများကလည်းအောင်မြင် အောင်ဖြေရှင်းပေးနိုင်မှု အားနည်းခဲ့သည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားကြား ပြင်းထန်သည့် ပဋိပက္ခများပင် ဖြစ်ပွားခဲ့ရသည်။
အလုပ်သမားများက ၎င်းတို့၏ လုပ်ခ၊ လစာနှင့် အလုပ်သမား အခွင့်အရေးများအတွက် ဆန္ဒပြ တိုက်ပွဲဝင်၊ သပိတ်စခန်းဖွင့် တိုက်ပွဲဝင်ခဲ့ကြသော်လည်း အထိနာခဲ့သည်က အလုပ်သမား အများစုပင် ဖြစ်သည်။
အလုပ်ရှင်တို့ကို မလွန်ဆန်နိုင်သည့် ခုံသမာဓိ၏ ဆုံးဖြတ်ချက်များအပေါ် ကြေလည်မှုမရှိသည့် အလုပ် သမားများအဖို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသည်။ ထိုပြဿနာ အားလုံးကို ထောက်ချင့်မည်ဆိုပါက အလုပ်သ မားထု တောင်းဆိုနေသည့် ၎င်းတို့ အခြေခံလုပ်ခ၊ လစာတိုးမြှင့် သတ်မှတ်ပေးရေးပင် ဖြစ်သည်။
ဧပြီ ၂၇ရက်က ပြုလုပ်သည့် အလုပ်သမားညီလာခံသို့ တက်ရောက်လာကြသည့် အလုပ်သမားများကို မေးမြန်းစုံစမ်းမှုအရ တစ်နေ့ ပျမ်းမျှ လုပ်အားခ အနိမ့်ဆုံး ကျပ် ၈၀၀၀ နှင့် ကျပ် ၁၀,၀၀၀ ကြားတွင် ရရှိလို ကြသည်ဟု ဆိုကြသည်။ ထိုသည်က ရန်ကုန်မြို့ပြကြီးတွင် နေထိုင်လုပ်ကိုင်ကြသည့် အလုပ်သမား အများစု၏ တောင်းဆိုမှု ဖြစ်သည်။ ဧပြီ ၂၈ ရက်က အလုပ်သမားအဖွဲ့ အစည်းပေါင်း ၁၈၀ ကျော် တက် ရောက် ဆွေးနွေးမှုရလဒ်အရ အနည်းဆုံး တစ်နေ့ လုပ်ခ ကျပ် ၈၅၀၀ သတ်မှတ်ပေးရေး တောင်းဆိုလိုက် သည်။ ထိုတောင်းဆိုချက်ကို မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်(ယာယီ)က ဒုတိယအကြိမ် မြောက် အလုပ်သမားညီလာခံကြီးမှ ဆွေးနွေးဆုံး ဖြတ်ချက်များအရ ထိုလုပ်ခ၊ လစာအပြင် အလုပ်သမား အခွင့်အရေးများကိုပါ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ယခု အစိုးရလက်ထက်တွင် အစိုးရဝန်ထမ်းများကိုသာ ထောက်ပံ့ကြေးအဖြစ် သုံးကြိမ်တိုင် တိုးမြှင့်ပေး ခဲ့ပြီးဖြစ်သည်။ ထိုသို့ ၀န်ထမ်းများ၏ လုပ်ခ၊ လစာတိုးမြှင့်မှုနှင့်အတူ ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ်များက မြင့်တက်လာလျက် ရှိသည်။
အစိုးရမဟုတ်သော ၀န်းထမ်းများအဖို့ လက်ရှိ လုပ်ခ၊ လစာနှင့် မလုံလောက် ရသည့် အခြေအနေတွင် မြင့်တက်လာသည့် ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ်ကြီးမြင့်ခြင်းတို့က လူနေမှုဘဝ ကျပ်တည်းမှုများဆီသို့ တွန်းပို့လျက် ရှိသည်။ ထို့အပြင် အလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများ ထွက်ပေါ်လျက် ရှိနေသော်လည်း ထိုဥပဒေများ က အလုပ်သမားထုကြား အံဝင်မှုမရှိသည့် ဥပဒေများဖြစ်နေသည်ဟု အလုပ်သမား ကိုယ်စားလှယ်များက ဝေဖန်ထားသည်။
မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်(ယာယီ)အတွင်းရေးမှူး ကိုသက်နှင်းအောင်က “အလုပ်သမား ထုတွေကြားထဲကို သေချာလေ့လာပြီးမှ ဥပဒေတွေ ထုတ်သင့်တယ်။ ထုတ်ပြန်တဲ့ ဥပဒေတွေရဲ့ရလဒ်က လည်း တကယ်အကျိုးဖြစ်၊ မဖြစ်ဆိုတာကို သုံးသပ်ဖို့လိုနေပြီ။ အလုပ်သမားတွေ နဲ့ဆိုင်တဲ့ ဥပဒေတွေ တော်တော်များ များက အလုပ်သမားထုကြီး တစ်ခုလုံးနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူးဆိုတာ အလုပ်သမားတိုင်း ကြံုတွေ့နေတဲ့ ပြဿနာတစ်ရပ်အဖြစ် ရှိနေပါတယ်” ဟု ဆိုလေသည်။
လက်ရှိ ပြဋ္ဌာန်းထားပြီးသည့် အနိမ့်ဆုံး အခကြေးငွေဥပဒေသည် အလုပ်သမားများကြား ထဲထဲဝင်ဝင် လေ့လာထားသည့် ဥပဒေမျိုးမဟုတ်ဟု ဆိုသည်။
အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်ရှင်နှင့် ၀န်ကြီးဌာနတို့ သုံးပွင့်ဆိုင်ဆွေးနွေးရန် လိုအပ်နေပြီဟုလည်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
“သုံးပွင့်ဆိုင်ဖြေရှင်းရာမှာ တိကျတဲ့ဖြေရှင်းမှုမျိုး၊ သင့်တင့်လျောက်ပတ်သော လစာစနစ်မျိုးတွေနဲ့ ရေရှည် ကြည့်ပြီး လက်တွေ့သွားရမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေဘက်က တောင်းဆိုမူ၊ ဆန္ဒပြမှုတွေက နှစ် ဦးနှစ်ဖက် အကျိုးမရှိစေပါဘူး။ အခြေခံလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေက အလုပ်အတွက် ထိခိုက်မူတွေ ရှိ လာပါတယ်။ ကောင်းမွန်မျှတသော အနိမ့်ဆုံးလစာ ပေါ်ပေါက်ရေးက အားလုံးဝိုင်းဝန်း ဆွေးနွေး ကြရမှာ ဖြစ်ပါတယ်။ ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ် အလုပ်ရှင်၊ အလုပ်သမားဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါ ပဲ။ အလုပ်သမားတွေရဲ့ အခွင့်အရေးဟာ တိုင်းပြည်ရဲ့ အခွင့်အရေးပဲလို့ မှတ်ယူပါတယ်” ဟု ဆိုသည်။
အနိမ့်ဆုံး လုပ်ခ၊ လစာသတ်မှတ်နိုင်ရန် အလုပ်ရှင်၊၀န်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ် (ယာယီ)တို့ အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမား အဆင်ပြေနိုင်သည့် လုပ်ခ၊ လစာမျိုး သတ်မှတ်နိုင်သည့် အခြေအနေမျိုး မရရှိခဲ့ကြောင်း ဥက္ကဋ္ဌဦးအောင်လင်းက ပြန်လည်ပြော ပြသည်။
“သေချာခိုင်မာတဲ့ အလုပ်သမား ဥပဒေတွေလည်း ရှိနေပါလျက်နဲ့ အလုပ်သမားအရေးကို ဆန္ဒပြမှ စဉ်းစား ပေး၊ လုပ်ပေးတာမျိုးတွေဟာ အလုပ်သမားဝန်ကြီးဌာနရဲ့ ညံ့ဖျင်းမှုပဲလို့ ပြောချင်တယ်” ဟု ၎င်းက ၀န်ကြီး ဌာန၏ အားနည်းချက်ကို ဝေဖန်ထောက်ပြသည်။
Business In Asia ၏ ၂၀၁၃ ခုနှစ်အစပိုင်းတွင် ကြေညာခဲ့သော အာရှ၁၃ နိုင်ငံမှ အနည်းဆုံးလုပ်ခ၊လစာ စစ်တမ်းအရ မြန်မာနိုင်ငံမှ အလုပ်သမားများ၏ လုပ်အားခသည့် အနိမ့်ဆုံး ဖြစ်နေသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခ လစာသည် တစ်နေ့လျှင် ၀ ဒသမ ၅၈ ဒေါ်လာသာဖြစ်၍ အမြင့်ဆုံး ရရှိသည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး တစ်နေ့ အနိမ့်ဆုံးလုပ်အားခ ၆၇ ဒသမ ရ၈ ဒေါ်လာ မှ ၈၅ ဒသမ ၃၆ ဒေါ်လာအထိ ရရှိကြသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ အနိမ့်ဆုံး တစ်နေ့လုပ်ခသည် ၉ ဒသမ ၄၅ဒေါ်လာမှ ၁၀ ဒေါ်လာအထိ ရရှိသည်ဟု ဆိုထားသည်။
သရဖူ သံမဏိသံရေကြိုစက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း အလုပ်မှုဆောင် အလုပ်သမား ကိုယ် စားလှယ် ကိုနော်အောင် က“မြန်မာနိုင်ငံရဲ့ လုပ်ခဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် နှစ်ပိုင်းရှိတယ်။ လုပ်ခလစာ နဲ့ ကုန်ကျစရိတ် တန်ဖိုးပေါ့။ ယိုးဒယားဆိုရင် တစ်နေ့ဘတ် ၃၀၀ မြန်မာငွေနဲ့ တွက်ရင် ကျပ် ၉၆၀၀ ပေါ့။ ဒါပေမဲ့ နောက်တစ်ပိုင်းမှာ ကုန်စျေးနှုန်းကိစ္စ စကားပြောစရာ ရှိလာတယ်။ သူများဆီမှာ ဘတ် ၃၀၀ ရရင် တစ်နေ့ ကုန်ကျစရိတ်က ထန်ကုန် ၈၀၊ ရ၀ လောက်ပဲ ရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ ရ၀၀၀ ရတယ်။ အနိမ့်ဆုံးသုံးရင် နှစ်ထောင့်ငါးရာ သုံးထောင်လောက် သုံးနေရတာပေါ့။ အဲ့ဒီမှာ တန်ဖိုးခြင်းယှဉ်ရင် မညီမျှ ဘူး။ ဥပမာ ကမ္ဘောဒီးယားလစာက ကျွန်တော်တို့ထက် နည်းသေးတယ်။ သို့ပေမယ့် သူ့တိုင်းပြည်နဲ့ သူ့ ကုန်စျေးနှုန်းနဲ့ စားဖို့ လုံလောက်တယ်။ ကျွန်တော်တို့ကတော့ များနေပေမယ့် စားဖို့တောင် မလုံလောက် ဘူး” ဟု ဆိုသည်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ဇင်က အနည်းဆုံး လုပ်ခလစာနည်းဥပဒေကို အလုပ်သမားဝန်ကြီးဌာနက ပြဋ္ဌာန်းရမည်ဖြစ်သည့်အတွက် အာရှနိုင်ငံများနှင့် တန်းတူထား ပြဋ္ဌာန်းနိုင်ရန် ၀န်ကြီးဌာနအနေဖြင့် ကြိုးစားပုံဖော်လျက် ရှိနေသည်ဟု လည်း ဆိုသည်။
ကိုနော်အောင်တို့ လွန်ခဲ့သည့် သုံးလခန့်က သုတေသနပြုချက်အရ မိသားစုတစ်စုလျှင် တစ်နေ့ ၀င်ငွေ ကျပ် ရ,၀၀၀ ရှိလျှင် လုံလောက်လျက်ရှိသည်ဟု ဆိုသည်။ ထိုအချိန်က ကြက်ဥ တစ်လုံးလျှင် ကျပ် ၁၂၀ အမြင့်ဆုံးသာရှိနေသည့် ကုန်စျေးနှုန်း အနေအထား ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေတွင် ကြက် ဥတစ်လုံး ကျပ် ၁၅၀ သို့ မြင့်တက်လာသည့်အတွက် လက်ရှိအနေအထားအရ မိသားတစ်စု၏ တစ်နေ့ဝင် ငွေ ကျပ် ၈,၀၀၀ရှိမှသာ အဆင်ပြေမည် ဖြစ်သည်ဟု ဆိုသည်။
အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ရေးသည် ရေချိန်မြှင့် အလုပ်သမားရေး ပြဿ နာ ဖြစ်နေသည်။ ထိုပြဿနာ အမြန်ဆုံး ဖြေရှင်းနိုင်ရေး သုံးပွင့်ဆိုင်တွေ့ဆုံ အဖြေရှာသည့် နည်းလမ်းပင်ဖြစ်သည်ဟုလည်း ဆိုကြလေ သည်။ ထွက်ရှိလာမည့် နည်းဥပဒေကသာ အလုပ်သမားများအတွက် ကျေနပ်နိုင်သည့် လုပ်အားခ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးမည် ဖြစ်တော့သည်။