စာချုပ်မူကြမ်းအတွက် ဒုတိယအကြိမ် တွေ့ဆုံမည် ဖြစ်သော်လည်း အစိုးရ သဘောထားတင်းမာဆဲ

စာချုပ်မူကြမ်းအတွက် ဒုတိယအကြိမ် တွေ့ဆုံမည် ဖြစ်သော်လည်း အစိုးရ သဘောထားတင်းမာဆဲ
by -
ရွှေဟင်္သာ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ရရှိရန် အတွက် နှစ်ဖက် ကိုယ်စားလှယ်များ ဒုတိယ အကြိမ် ရန်ကုန်မြို့၌ လာမည့် မေလ ကုန်ပိုင်း၌ နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေး ကြရန် စီစဉ် ထားသော်လည်း ယခု အထိ ၄င်းစာချုပ်နှင့် ပတ်သက်၍ အစိုးရ၏ သဘော ထားမှာ တင်းမာ နေဆဲ ဖြစ်ကြောင်း နိုင်ဟံသာက ဆိုပါသည်။

“ကျွှန်တော်တို့ ပြောရမယ် ဆိုရင်တော့ ဒီ (၇) ခန်းလုံးမှာ ကိုယ့်ဘက်က သဘောတူ တာရော မတူတာ တွေရော ထည့်သွင်း ရေးဆွဲ ထားရတယ်၊ အစိုးရ ဘက်ကလည်း အလားတူပဲ ၊ နှစ်ဖက်စလုံး သဘောတူ ထားတဲ့ အချက်တွေက အနည်းငယ်ပဲ ပါသေးတယ်၊ ပြောရမယ် ဆိုရင်တော့ ဒီစာချုပ် မူကြမ်းအပေါ် ညှိနှိုင်း ရရှိ ထားတဲ့ နှစ်ဖက် သဘောတူ နိုင်တဲ့ အခြေအနေ အင်မတန် နည်းပါး ပါသေးတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

အစိုးရနှင့် တပ်မတော်တို့၏ သဘောထား မှာမူ တိုင်းရင်းသား တို့၏ တောင်းဆို နေသည့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ပါဝင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး ဆိုသည့် ရပ်တည်ချက်နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး အတွက် လက်ရှိ ၂၀၀၈ ၏ တည်ဆဲ ဥပဒေ အတိုင်း အကောင်အထည် ဖော်ရေး တို့မှာ တင်းမာ နေဆဲ သဘော ထားများ ဖြစ်ကြောင်း နိုင်ဟံသာက ထောက်ပြ ပြောဆို သွားခဲ့သည်။

“အရေး ကြီးတဲ့ အချက်တချို့ ကျွှန်တော် ထုတ်ပြော ရမယ် ဆိုရင် ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဆိုတာကို သူတို့ဘက်က လက်မခံဘူး၊ အဲလို အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်း ခွင့်ကို လက်မခံဘူး ဆိုရင် ကျွှန်တော်တို့ ဘက်ကလည်း လက်ခံဖို့ ခက်တယ်၊ တော်လှန်ရေး ၊ ပြည်တွင်းစစ် ဆိုတဲ့ အသုံးအနှုန်း ကိုလည်း လက်မခံဘူး ၊ ကျွှန်တော်တို့ လက်နက်ကိုင် တွေကို အကြမ်းဖက် သောင်းကျန်းသူ လို့ပဲ သတ်မှတ် ချင်တဲ့ သဘောမျိုး၊ နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရပ်တည်ချက်မူ (၆) ချက် အရ ကျွှန်တော်တို့ လက်နက် စွန့်ရမယ်၊ ဒါတွေဟာ အရေးကြီးတဲ့ အချက်တွေပဲ” ဟု နိုင်ဟံသာမှ ပြေသည်။

အထူးသဖြင့် ဦးစီးချုပ်၏ ရပ်တည်ချက် တပ်မတော်မူ (၆) ချက်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးအား လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အရသာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ဆိုထားကာ တရားမျှတမှု မရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အောက်၌ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုမှာ ဖြစ်နိုင်ဖွယ် မရှိကြောင်း နိုင်ဟံသာက ဆိုပါသည်။

နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့ တို့သည် မေလ ၁၉ ရက် နေ့နှင့် ၂၀ ရက်နေ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာ၌ ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံ ကြမည် ဖြစ်သည်။

ထိုသို့ မေလ အတွင်း၌ တွေ့ဆုံ ဆွေးနွေး ကြရန် အစီအစဉ် ကိုလည်း လက်ရှိ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တိုင်းရင်းသား အဖွဲ့များအကြား ညှိနှိုင်း နေကြဆဲ ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ၄င်း၏ Facebook စာမျက်နှာ၌ ရေးသား ဖော်ပြ ထားပါသည်။

ယခု အကြိမ် တွေ့ဆုံ ခြင်းသည် အခန်း (၇) ခန်းပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ ကွဲလွဲမှု၊ သဘော တူညီမှု မရရှိ သေးသည့် အပိုင်းကို အဓိက ဆွေးနွေး ညှိနှိုင်း ကြရမည့် တွေ့ဆုံမှု ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ် (၉) ဦးနှင့် အစိုးရဘက်မှ ကိုယ်စားလှယ် (၉) ဦး ပါဝင်သည့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ရေးဆွဲရေး ကော်မီတီ တို့သည် နှစ်ဖက်အကြား ပြီးခဲ့သည့် ဧပြီလ ပထမ အပတ်အတွင်း၌ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာ၌ပင် စာချုပ်မူကြမ်း အတွက် ပထမ အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ဖြစ်သည်။

Most read this week