သျှမ်းပြည် တောင်ပိုင်း နမ့်ဇန်မြို့နယ် နားယိုင်း ဒေသ အခြေစိုက် ပြည်သူ့စစ်က ဒေသခံ ခြံလုပ် ရွာသားအား ရိုက်နှက် ခြိမ်းခြောက်သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ဒေသတွင်း သတင်းအရ သိရှိရသည်။
ဧပြီလ ၂၅ ရက် နံနက် ၉ နာရီခန့် နမ့်ဇန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု ဝမ့်ကောင်− လွယ်ပေါင်း ရွာသား ၅ ဦး မိမိတို့ခြံ၌ ထွန်ယက်နေစဉ် နားယိုင်းပြည်သူ့စစ် ဗိုလ်မှူးလီမင်နှင့်တပည့် ၂ ဦး ကားဖြင့်ရောက်ရှိလာပြီး လွယ်ပေါင်းရွာသား စိုင်းဝန်း(၃၀ နှစ်) အား ရိုက်နှက်ကြောင်း နမ့်ဇန် ရောက် လွယ်ပေါင်းဒေသခံတစ်ဦးက ပြောပါသည်။
“တုတ်နဲ့ရိုက်တာ စိုင်းဝန်းရဲ့ ဘယ်ဘက်ပခုံးကို ၂ ချက် ထိသွားတယ်။ သေနတ်တစ်ချက်ပစ်ပြီး ခြိမ်းခြောက် သွားသေးတယ်။ ရွာသားတွေ ကြောက်အောင် သူတို့ခြောက်လိုက်တာဘဲ။”
ယာသွားလုပ်သည့် ဒေသခံ ရွာသူရွာသားများအား နားယိုင်းပြည်သူ့စစ်က မကြာခဏ ရိုက်နှက် ခြိမ်းခြောက်သည့်အတွက် ဒေသခံများအနေဖြင့် ခြံယာသွားရန် ကြောက်ရွံ့နေရကြောင်း ဆို၏။
“ရွာသားတွေရဲ့ ခြံယာမြေကို ရချင်လို့ ဒီလိုလုပ်တာလို့ ထင်တယ်။ ရွာသားတွေကြောက်လို့ ခြံယာ သွားမလုပ်တော့ဘူးဆိုရင် အဲဒီမြေတွေကို သူတို့သိမ်းလိုက်ရုံဘဲလေ။ ရွာသားတွေလည်း သူတို့ကို နှစ်တိုင်း အခွန်အဖြစ် ဆန်တွေပေးနေတာဘဲ။ ပြည်သူ့စစ်ဆိုတာ ပြည်သူ့ကို ကာကွယ်ပေးတဲ့ စစ်တပ်ဖြစ်ရမှာလေ။ အခုတော့ မကာကွယ်ပေးတဲ့အပြင် ပြည်သူကို လက်နက်အားကိုးပြီး အနိုင်ကျင့်နေတယ်” ဟု နမ့်ဇန်ဒေသခံတစ်ဦးကလည်း ပြောပါသည်။
နားယိုင်းပြည်သူ့စစ်ကို ဇျိုးဆန်းက ဦးဆောင်သည်။