DVB မကွေးသတင်းထောက် ကိုဇော်ဖေအပါအဝင် ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရန်နှင့် ဌာနဆိုင်ရာ ရုံးများတွင် လွတ်လပ်စွာ သတင်း ရယူခွင့်ပေးရန် ပြည်မြို့ခံသတင်းသမားများ ခွင့်ပြုချက်မရသော်လည်း ဧပြီလ ၂၅ရက် နံနက် ၉နာရီခွဲက ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်သည့် သတင်းသမားများသည် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် မီဒီယာသမားနှစ်ဆယ်ခန့် စုဝေးကြပြီး ဟောပြောမှုများ ပြုလုပ်ကာ ကြွေးကြော်သံများရွတ်ဆို၍ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ချီတက်ခဲ့ကြသည်။ မီဒီယာသမားများနှင့်အတူ မြို့ခံလူထုကလည်း ပူးပေါင်းပါဝင်ကာ လူ ၁၀၀ခန့် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့သည်။
မဇ္စျိမသတင်းထောက် ဦးအောင်နိုင်ဦး (ခ) ရေခဲ(ပြည်)ဦးဆောင်ကာ သတင်းသမားများက ဆန္ဒထုတ်ဖော်ခွင့် ရရန် ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဧပြီလ ၁၉ရက်က ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း ၂၂ရက်တွင် ငြင်းပယ်ခံခဲ့ရသည်။
ယနေ့ ဆန္ဒထုတ်ဖော်သည့်အတွက် ဦးဆောင်သူဖြစ်သည့် ဦးအောင်နိုင်ဦး (ခ) ရေခဲ(ပြည်)ကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုသွားမည်ဟု ပြည်မြို့မ ရဲစခန်းမှူး ဒု-ရဲမှူး ဦးမျိုးမြင့်က ပြောသည်။
ဌာနဆိုင်ရာရုံးများတွင် သတင်းသွားယူသူ သတင်းသမားများကို ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု၊ နိုင်ငံတော်လျို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေများဖြင့် တရားဆွဲဆိုထောင်ချခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု (DVB)သတင်းထောက် ကိုသန်းထိုက်က ပြောသည်။
“ဒီရုံးတွေက အစိုးရအရာရှိကြီးတွေ ငွေပေးပြီး ၀ယ်ထားတဲ့ ရုံးတွေမဟုတ်တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားဆွဲခွင့်မရှိဘူး။ သတင်းသမား သတင်းလာယူတာ ၀တ္တရားနှောက်ယှက်တာ မဟုတ်တဲ့အတွက် တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့လည်း ဆွဲလို့မရဘူး။ ပြည်သူမသိအောင်လုပ်ထားတဲ့ မသမာမှုတွေကို ဖော်ထုတ်တာလည်း သတင်းသမားမှာ အပြစ်မရှိဘူး”ဟု ၎င်းကပြောသည်။
ဆန္ဒထုတ်ဖော်သူများသည် ရွှေဆံတော် ဘုရားမြောက်စောင်းတန်း နာရီစင်အနီးအရောက်တွင် ဆယ်မိနစ်ခန့် ဟောပြောမှုများ ပြုလုပ်ကာ မြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ ပန်းပဲတန်းလမ်း၊ ဆေးရုံလမ်းများအတိုင်း ချီတက်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဆယ်မိနစ်ခန့် ဟောပြော ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုမှတဆင့် လမ်းမတော်လမ်း၊ ရုံးလမ်း၊ ကမ်းနားလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်ခရိုင် တရားရုံးရှေ့တွင် ဆယ်မိနစ်ခန့် ဟောပြောဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သည့် သတင်းသမားများသည် 'ဖမ်းဆီးထားသော သတင်းထောက်အားလုံး ချက်ချင်းလွှတ်' စာသားပါ အနက်ရောင်တီရှပ် အကျႌများကို ၀တ်ဆင်ခဲ့ကြပြီး “ဖမ်းဆီး၊ ထောင်ချ ၊သတင်းထောက်တွေ လွှတ်ပေးရေး ဒို့အရေး……….ဒို့အရေး" "ပြည်သူပိုင်ရုံးတွေမှာ သတင်း ယူခွင့်ရရှိရေး ………..ဒို့အရေး………..ဒို့အရေး" "မီဒီယာဖိနှိပ်မှု…………..ချက်ချင်းရပ်……..ချက်ချင်းရပ်" စသည့်ကြွေးကြော်သံများ၊ လက်ကိုင် ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။