ချင်းပြည်နယ်လွှတ်တော်အမတ် ဦးနထန်း ကွယ်လွန်

ချင်းပြည်နယ်လွှတ်တော်အမတ် ဦးနထန်း ကွယ်လွန်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးနထန်း(အသက် ရ၅) သည် အသည်းခြောက်၊ ဗိုက်အောင့်၊ ဗိုက်နာ ရောဂါဖြင့် ဧပြီလ ၂၃ ရက်နေ့ည ၈ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ကွယ်လွန်သည်ဟု ချင်းလဲန်တူဒေး သတင်းမှသိရသည်။

ဦးနထန်းသည် ဧပြီလ ၁၉ မှ ၂၃ ရက်နေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့ဆေးရုံတွင် ၅ ရက်ကြာဆေး ၀ါး ကုသမှုခံယူပြီးနောက် ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိ သွားသည့်အချိန် ဧပြီလ ၂၃ ရက် ည ၈ နာရီခန့် တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

“ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက သွေးတွေအံတာကြောင့် ရန်ကုန်မှာလည်း ဆေးဝါးကုသမှုတွေလုပ်ခဲ့ တယ်၊ ခုရောဂါကတော့ အသည်းခြောက် နဲ့ ဗိုက်အောင့်၊ ဗိုက်နာ ရောဂါခံစားနေရတာပါ၊ ဒီဗိုက်အောင့်၊ ဗိုက်နာတဲ့ ဝေဒနာကြောင့် သူ့ဗိုက်ကိုလည်း ၁၂ ခါလောက်ကို ခွဲစိတ်မှုတွေလုပ်ပြီးပြီ’’ ဟု ချင်းလဲန်တူဒေး သတင်းတွင် ဦးနထန်း၏ သား ကျံူပီးက ပြောဆိုထားသည်။

ဦးနထန်း၏ အသုဘ အခမ်းအနားကို ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ၎င်း၏နေအိမ်၌ ပြုလုပ်ခဲ့ကြပြီး မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ဖလမ်းမြို့ ကျမ်ဘာရီသင်္ဂျိုင်းတွင် မြေမြှုပ်သင်းဂြိုလ်ကြမည်ဟု သိရသည်။

ဦးနထန်းသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (စီပီပီ) ကိုယ်စားပြုအနေဖြင့် ချင်းပြည်နယ် ဖလမ်း မြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေမှ ရွေးကောက်ခံ ရသော ချင်းပြည်နယ်လွှတ်တော် အမတ်တစ်ဦးဖြစ်သည်။

Most read this week