မကွေးမြို့နယ်တရားရုံးမှ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ်တစ်နှစ်ချလိုက်ခြင်းသည် သတင်းထောက်များ အားလုံးအတွက် ပုဒ်မအမျိုးမျိုးတပ်ပြီး သတင်းယူရာ၌ ပိတ်ပင်ထားသည့် ပုံစံမျိုးဖြစ် နေသောကြောင့် ဒီမိုကရေစီစံနှုန်းနှင့် လုံးဝညီညွတ်မှုမရှိဟု မြန်မာဂျာနယ်လစ် ကွန်ရက်မှ ဧပြီလ ၉ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။
“သတင်းထောက် တစ်ယောက်က ပြည်သူသိသင့်တဲ့ သတင်းတစ်ပုဒ်အတွက် ပညာရေးမှူးကို သွားမေး တာကို ပညာရေးမှူးက ပိုင်နက်ကျူးကျော်မှုနဲ့ ၀တ္တရားနှောင့်ယှက်မှုပုံလုပ်လိုက်ပြီး သူတို့ရဲ့ လာဘ်ပေး လာဘ်ယူမှုကို ဖုံးကွယ်ထားတယ်။ ဒါက ဒီမိုကရေစီကို သွားနေတဲ့ လမ်းမှာ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး”ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အလုပ်အမှုဆောင် ကော်မတီဝင် ကိုဇေယျာလှိုင်ကပြောသည်။
သဘောထားထုတ်ပြန်ချက်၌ သတင်းမီဒီယာ ဥပဒေအတည်ပြုပြီး ချိန်တွင် ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ(ခ)သူရ သက်တင်ကို ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရား နှောင့်ယှက်မှုများဖြင့် မကွေးတရားရုံးက ဧပြီ ရ ရက် တွင် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သဖြင့် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ပြင်းထန်စွာ ကန့်ကွက်သည်ဟု ပါရှိသည်။
“အစိုးရရုံးအဆောက်အအုံကို ကျူးကျော်ဝင်ရောက်မှု၊ ၀တ္တရားနှောင့်ယှက်မှု မဟုတ်ဘဲ အများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် ရယူခွင့်အပေါ် ခြိမ်းခြောက်ခံရသည့် ကိစ္စရပ်ဖြစ်ပြီး ဒေသဆိုင်ရာ အာဏာ ပိုင်များ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်လိုသောကြောင့် အကြောက်တရားဖြင့် ကန့်သတ်လိုက်ခြင်းဖြစ်သည်” ဟု သဘောထားထုတ်ပြန်ချက်က ဖော်ပြသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်အနေဖြင့် ကိုဇော်ဖေ ပြန်လည်လွတ်မြောက်ရေးအတွက် ထုတ်ပြန်ချက်မှ တစ်ဆင့်တောင်းဆိုထားသည်။
“သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့က မီဒီယာကို တမင်ဖိနှိပ်နေ တယ်ဆိုတာကို မီဒီယာသမားတွေအားလုံးက ထောက်ပြဖို့လိုနေပြီ။ ဒီကိစ္စကို မီဒီယာ အဖွဲ့အစည်းတွေ အားလုံး ဆွေးနွေးပြီးရင် သမ္မတနဲ့တွေ့သွားမယ်”ဟု မြန်မာဂျာနယ် လစ်ကွန်ရက်မှ အတွင်းရေးမှူး ဦးသန်း ဌေးက ပြောသည်။
ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ (သူရသက်တင်) ကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏သတင်းဌာနမှလည်း သင်္ကြန်ရက်များတွင် လက်ကမ်းကြေညာစာများကို ဝေငှသွားမည်ဖြစ်ပြီး သင်္ကြန်ပြီးပါကလည်း တနင်္ဂနွေ နေ့တိုင်း လက်ကမ်းကြေညာစာလိုက်ဝေသည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်သွားမည်ဟု ဒီဗွီဘီသတင်းဌာနမှ သိရသည်။
Democratic Voice of Burma (DVB) သတင်းထောက် ကိုဇော်ဖေ (ကိုသူရသက်တင်) သည် ဂျပန် နိုင်ငံဖောင်ဒေးရှင်း တစ်ခုက မြန်မာကျောင်းသားများကို ပညာသင်ဆုပေးအပ်ခြင်းနှင့်ပတ်သက်ပြီး မကွေး မြို့နယ် ပညာရေးမှူးထံတွင် သတင်းရယူခြင်းကို မကွေးမြို့နယ် ပညာရေးဌာနက တရားလိုပြုကာ ကိုဇော် ဖေနှင့်ကျောင်းသား မိဘကိုဝင်းမြင့်လှိုင်ကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့် ၂၀၁၂ ခုနှစ်မှ စ၍ တရားစွဲဆိုခဲ့သည်။