ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)နှင့် လိုက်ပါသော သမီးလေး ကျေးရွာသားများက ကရင်ပြည်နယ် ကျောက်ခက်ကျေးရွာတွင် နေအိမ်များ ဆောက်လုပ်ပေးနေပြီဟု ရွာသားများ နှင့်အတူ လိုက်ပါလာသော ဆရာေတော် ဉာဏာဝုဒ်နှင့် DKBA ကလူထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
“ဒီမှာက အများကြီး အစစအရာရာကို ဟိုမှာထက်ကို သာလွန်နေတာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဦးဇင်းတို့ကို ဒီမှာက အဖွဲ့အစည်းတွေအများကြီးဝိုင်းပြီး ကူညီပံ့ပိုးပေးတဲ့အတွက် ဒီမှာဆိုရင် တော်တော်လေးကို အဆင်ပြေတဲ့ အတိုင်းတာရှိတယ်။ အခု အိမ်ယာဆောက်ဖို့အတွက်လည်း ပြုလုပ်နေတယ်။ ကိုယ်ထူကိုယ်ထ ကော်မတီလေးတွေ ဖွဲ့ပြီးတော့ အိမ်ဆောက်နေတယ်”ဟု အင်းပတီးကျေးရွာမှ ဒေါ်ကာလီ ဆရာတော် ဦးဉာဏာဝုဒ်က မဇ္စျိမကို မိန့်သည်။
လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ အိမ်ထောင်စု ၅၇ စု လူဦးရေ ၁၆၀ ဦးကျော်သည် ကရင်ပြည်နယ် ကျောက်ခက်သို့ ဧပြီလ ၅ ရက်က ရောက်ရှိလာခဲ့သည်။
သမီးလေးကျေးရွာမှ ပြောင်းရွှေ့လာသူများကို မူလ အိမ်ခြေ ၄၀ နေထိုင်နေသော ကျောက်ခက်ကျေးရွာ ဥက္ကဋ္ဌနှင့် သမီးလေးရွာသားများ အပါအဝင် ၁၀ ဦးပါ ကော်မတီဖွဲ့ကာ ကျောက်ခက်ကျေးရွာ သမီးလေးအပိုင် (သို့မဟုတ်) ရပ်ကွက် ဟူ၍ အမည်ပေး၍ နေအိမ်များ ဆောက်လုပ်ရန် စီစဉ်ပေးနေခြင်း ဖြစ်သည်။
ထို့ပြင် လုပ်ကိုင်စာသောက်ရန် မြေယာများ စီမံပေးခြင်း၊ စိုက်ပျိုးစားသောက်ရန် အစားအသောက်ရန် စိုက်ပျိုးစရိတ်များလည်း ထုတ်ပေးမည်ဟု ပြောဆိုထားသည်ဟု ဆရာတော်က မိန့်သည်။
DKBA မှ မြေနေရာများပေးထားသော နေရာတွင် နေအိမ်များ ဆောက်လုပ်ရန် စီစဉ်ပေးနေပြီး နေအိမ်များ ဆောက်လုပ်ပြီးပါက ရွာသားများ၏ အလုပ်အကိုင်အတွက် မိုးရာသီတွင် ပြောင်းခင်းများတွင် နေ့စားအဖြင့် သွားရောက်လုပ်ကိုင်နိုင်သလို၊ တောင်ယာများလည်း လုပ်ကိုင်နိုင်သည်ဟု DKBA မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္စျိမကို ပြောသည်။
“ရွာသားတွေက ကျောက်ခက်မှာရောက်နေပါပြီ၊ လိုအပ်တဲ့ ကျန်းမာရေးဆေးမှူးတွေလည်း စီစဉ်ထားပေးတယ်။ နေအိမ်တွေ ဆောက်ဖို့အတွက် ဖက်တွေလည်း တချို့ပို့ထားတယ်။ ဝါးတွေလည်း သူတို့ ခုတ်ထားတာကို ကားနဲ့ ကျွန်တာ်တို့ သယ်ပေးတယ်။ လူမှုအဖွဲ့တွေကလည်း သူတို့ဆီ လာအားပေးတယ်။ လာလှူကြပါတယ်”ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
လက်ရှိ ရွာသားများအတွက် ရခိုင်ပြည်အမျိုးသားကောင်စီမှ ဆန်အိတ် ၁၀၀ လှူဒါန်းခြင်း၊ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အခြား လူမှုအဖွဲ့အစည်းများ လာရောက် လှူဒါန်းမှုများ ရှိနေပြီး လမ်းတလျှောက်တွင် ကူညီပေးခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မြို့သူမြို့သားများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ သမီးလေးကျေးရွာ ဖျက်ခံရသဖြင့် နေစရာမဲ့နေသော ရွာသားများကို အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA ၏ ဖိတ်ခေါ်မှုအရ ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
DKBA နှင့် လိုက်ပါလာသော ရွာသားမျာနှင့် ၎င်းတို့အား ပို့ဆောင်သူ လူမှုအဖွဲ့အစည်းမှ လူ ၁၀၀ ဦးခန့်တို့ကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရိုင်ချင်းဆက်သွယ်သော တံတားတွင် ကရင်ပြည်နယ် အစိုးရ၏ နယ်စပ်ရေး ရာနှင့် လုံခြံုရေးဝန်ကြီးက တားဆီးခံခဲ့ရသည်