ဧပြီလ ၅ ရက်မှ ၈ ရက်ထိပြုလုပ်ခဲ့ သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း ရေးဆွဲရေး ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Single Tex) ပထမမူကြမ်း တစ်စောင် ရရှိခဲ့ သည်ဟုသိရသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ကိုယ်စားလှယ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် ဆွေးနွေးရမည့်အခန်း ရ ခန်းကို ဆွေးနွေးခဲ့ ကြသည်။ အဆိုပါ မူကြမ်းပါ အခန်းအချို့တွင် ပါ၀င်သော စကားလုံး ဝေါဟာရများ ကိုသာချန်ခဲ့ကာ ယခု ရရှိလာသည့် Single Tex ပထမ မူကြမ်းကို မေလ ပထမအပတ်တွင် ထပ်မံဆွေးနွေး သွားရမည်ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာ ကပြောသည်။
အဆိုပါဆွေးနွေးမှုကို တပ်မတော်အရာရှိများအပါအဝင် ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)မှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကပြော သည်။
“မေလအတွင်း လက် မှတ်ရေးထိုးနိုင်မည့်အဆင့်ရောက်အောင်လုပ်မယ့် အဆင့်ရောက်အောင်လုပ်ပါ့မယ်လို့ နှစ်ဖက်လုံးကတော့ အကြမ်းအားဖြင့် သဘောတူထားကြတယ်။ ကျွန်တော်အနေနဲ့ အားရတာက တပ်မတော် ဘက်က ဒုတိယ ဗိုလ်မှူးကြီး အဆင့် ၆ ယောက် ၄ ရက်လုံးလုံးတက်ပြီး အပြုသဘော ဆောင်ဆွေးနွေးခဲ့ တယ်” ဟုပြောသည်။
ယခု ရရှိထားသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှုကြမ်းကို ၂၀၁၄ ခုနှစ် မေလ ပထမအပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် နှစ်ဖက်ကိုယ်စားလှယ်များက ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“Single Tex မူကြမ်းအပြီးအစီးပြီးရင် ကျွန်တော်တို့ဘက်က ထပ်သီးခေါင်းဆောင်တွေ အတည်ပြုချက် ရယူဖို့ သူတို့လည်း သူတို့ခေါင်းဆောင်တွေရဲ့အတည်ပြုချက်ရယူဖို့လိုအပ်မှာဖြစ်တယ်။ ဒီသဘောတူညီချက်ကို အတည်ပြုပေးနိုင်မယ့် တိုင်းရင်းသားထိပ်သီးညီလာခံ ခေါ်ဖို့လိုအပ်လာမှာဖြစ်ပါတယ်” ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း ရှင်းပြသည်။
ဆွေးနွေးပွဲတွင ်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မှုကြမ်းရေးဆွဲရာတွင် တပ်မတော်မှ မူ ၆ ချက်ကို တင်ပြခဲ့ပြီး ၎င်းမူ ၆ ချက်အပေါ်တွင် ပြသာနာတစ်စုံတစ်ရာမရှိကြောင်း တပ်မတော်မှကိုယ်စားလှယ် တစ်ဦးဖြစ် သူ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးကပြောသည်။
“ဒီသဘောထား တွေအပေါ်မှာလည်း သူတို့နဲ့ ကျနော်တို့နဲ့အကျေအလည်ဆွေးနွေးခဲ့ပြီးပါပြီ။ ဘာမှပြသာနာ တော့မရှိပါဘူး” ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Single Tex) ပထမ မူကြမ်း တစ်စောင်သည် မတ်လ ၉ ရက်၊ ၁၀ ရက်တွင် UPWC နှင့် NCCT တို့သဘောတူညီခဲ့ကြသည့် နိဒါန်း နှင့် အခန်း ရ ခန်း ကို အကျေအလည်ဆွေးနွေးခဲ့ပြီး ပထမ မူကြမ်းတစ်စောင် ရရှိခဲ့ခြင်းဖြစ်သည်။
အပစ်ခတ်ရပ်စဲရေး မူကြမ်း အခန်း ရ ခန်းတွင် အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေးကိုခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့် အထွေထွေ အခန်း များပါရှိသည်။