သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် (သံလွင် အနောက်ခြမ်း) အတွင်း ဝင်ရောက် လှုပ်ရှားသွားလာ သည့် ၀ တပ်ဖွဲ့ နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသတွင်း သတင်း ရပ်ကွက်က ပြောသည်။
မတ်လဆန်းပိုင်းကတည်းက သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်း ဟိုပန် ဟိုခိန်းဒေသ (သံလွင်မြစ် စက်တော် ဟန်းဟုန့်ကူးတို့ဆိပ် နှင့် မျက်နှာချင်းဆိုင်) ရှိ ရွှေကျင် လုပ်ငန်းအား လုံခြုံရေးယူပေးရန် သွားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသလက်အောက် ခံတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်။
ထိုစဉ်ကတည်းက ဧပြီ ၆ ရက်နေ့အထိ တပ်အင်အားအပြိုင်ဖြည့်ကာ အထပ်ထပ် ဝိုင်းရံ ပိတ်ဆို့ကြပြီး တိုက်ပွဲများလည်း ပြင်းထန်နေဆဲဖြစ်ပါသည်။
“သူတို့က သံလွင်အရှေ့ ခြမ်းမှာဘဲ လှုပ်ရှားတာလေ။ အခုသံလွင်အနောက်ခြမ်းအထိလာပြီး ရွှေကျင် တယ်။ သစ်တွေခုတ်တယ်။ ပြဿနာမကြီးရအောင် အစိုးရ ဘက်ကိုကော၊ UWSA ဘက်ကိုရော အကြောင်းကြား ထားတယ်။ လတ်တလောအခြေအနေကတော့ တပ်အင်အားအပြိုင်ဖြည့်နေတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသအတွင်း RCSS အရာရှိတဦးကပြောသည်။
“အဖွဲ့ရဲ့ ရွှေကျင်လုပ်ငန်းကို လုံခြုံရေးယူဖို့သွားတာပါ၊ သံလွင်အနောက် ဘက်ခြမ်း မြစ်ကမ်းပေါ်မှာဘဲ။ တပ်စခန်းကြီး တည်ဆောက်တာလည်းမရှိပါဘူး၊ RCSS ဘက်က အရင်လာတိုက်လို့ ကျနော်တို့လည်း ပြန်ချရတာပေါ့” - ဟု ၀ အရာရှိတဦးကလည်းပြောသည်။
ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် မိုင်းကျွတ်ဘက်မှ ဝ တပ်များလည်း ယမန်နေ့က စစ်ကား ၁၀ စီး ထက်မနည်း လူသူလက်နက်များ ထပ်မံပို့ဆောင်သည်ဟု သိရသည်။
၁၉၉၀ နှောင်းပိုင်းက သံလွင်အရှေ့ခြမ်း တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ်တလျှောက် နယ်မြေများအား ခွန်ဆာဦးဆောင်သည့် MTA တပ်ဖွဲ့ထံမှ တိုက်ယူနိုင်သမျှ အပိုင်ပေးမည်ဟု နဝတ (ဒု)စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးက ကတိပေးပြောကြားခဲ့သောကြောင့် တရုတ်နယ်စပ်နေ ဝ တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် တောင်ဘက်ပိုင်းသို့ ဆင်း၍အခြေချနေထိုင်ခဲ့သည်။ ၁၉၉၆ MTA တပ်ဖွဲ့ မြန်မာစစ်တပ်ထံ လက်နက်ချလိုက်သောကြောင့် MTA တပ်စခန်းနေရာအား ဝ တပ်ဖွဲ့က ဝင်ရောက် နေရာယူခဲ့သည်။ ထို့နောက်ပိုင်း ဝ စစ်သည်များ၊ မိသားစုများ တသိန်း ထက်မနည်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့အခြေချကာ တောင်ပိုင်း ၀ နယ်နှင့် မြောက်ပိုင်း ၀ နယ်တို့ တွဲ၍ ပြည်နယ်သတ်မှတ်ပေးရန် မြန်မာအစိုးရထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအရ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အစိုးရဖိအားပေးလာချိန် ဝ တပ်ဖွဲ့က လက်မခံသောကြောင့် မြောက်ပိုင်း ၀ နယ် သို့ တပ်ရုပ်ပြန်ရန် အစိုးရက အကြိမ်ကြိမ်ပြန်လည်ညွှန်ကြားခဲ့သော်လည်း ယနေ့တိုင် အထမမြောက်ခဲ့ပေ။
RCSS/SSA မှာမူ MTA လက်နက်ချစဉ် (ထိုစဉ်) ဒုဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် စစ်ကြောင်းက ပါဝင်လက်နက်ချခြင်းမရှိပဲ ကျန်ရှိလူအင်အားစုဆောင်းကာ သျှမ်းပြည်တပ်မတော် SSA (တောင်) အမည်ဖြင့် ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်း၌ အခြေချနေထိုင်သည်။ ၂၀၀၁ - ၂၀၀၂ နှင့် ၂၀၀၅ က လည်း လွယ်တိုင်းလျဲန်းဌာနချုပ်အား ဝ တပ်ဖွဲ့ နှင့် မြန်မာတပ်တို့ ပူးပေါင်းပြီး အပြင်းအထန် တိုက် ခိုက်ခဲ့ပါသည်။
လက်ရှိမှာမူ ဝ တပ်ဖွဲ့ UWSA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှာ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။