၂၀၁၄ ဧပြီလ ၆ ရက်နေ့က ‘တိုင်းရင်းသားများပြားသည့် မြန်မာနိုင်ငံအတွက် ဘုံဘာသာ စာပေမှာ မြန်မာ ဘာသာ စာပေသာ ဖြစ်သင့်သည်’ ဟု သျှမ်းပြည် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအား လက်ခံ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။
ဧပြီလ ၆ ရက် နေ့နံနက်ပိုင်း က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် (ရမခ) စစ်တိုင်းရုံး ရွှေလီရိပ်သာ၌ ပြည်သူ့စစ်တပ်ဖွဲ့များ၊ အပစ်ရပ်တပ်ဖွဲ့များအား စစ်ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီးခြားစီလက်ခံတွေ့ဆုံရာ မြန်မာ့တပ်မတော်မှချမှတ်ထားသည့် မူ ၆ ရပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး မြန်မာစာပေ စကားသာ ဘုံအဖြစ် အသုံးပြု ဖို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“စဝ်လွယ်မောဝ်း၊ စဝ်ကိုင်ဖ တို့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ အရင်တွေ့တယ်။ သူတို့လဲ သီးသန့်ဘဲ မိနစ် ၂၀ လောက်ပဲကြာတယ်။ ပြီးတော့ ကျနော်တို့ SSPP/SSA က ၈. ၄၅ ကနေ ၉. ၃၀ နာရီအထိ သီးခြားတွေ့ တယ်။ တခြားတပ်ဖွဲ့တွေလဲ သီးခြားစီဘဲတွေ့ကြတယ်၊ အဓိက ကတော့ တပ်မတော်မူ ၆ ချက် ပြော တယ်။ နောက်ပိုတာက ဗမာစာပေစကားပဲ ဘုံအဖြစ် အဓိကထားအသုံးပြုဖို့ ပြောတယ်” - ဟု လိုက်ပါ တွေ့ဆုံသည့် အရာရှိတဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ခေးတိုင်းဦးဆောင်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ် ၅ ဦးအား ‘ ၎င်းတပ်မှူးဘဝ က SSPP/SSA ဌာနချုပ်ဘက် အခြေချ လှုပ်ရှားခဲ့ဘူး ကြောင်း၊ တပ်မတော်မူခြောက်ရပ်ကို တဦးတဖွဲ့အတွက် ရည်ရွယ်ပြောဆိုခြင်းမဟုတ်ဘဲ၊ တွေ့သည့် အဖွဲ့တိုင်းအား ရှင်းပြခြင်းဖြစ်ကြောင်း’ ပြောခဲ့သည်ဟုဆိုပါသည်။
‘တရုတ်ပြည်မှာလဲ တိုင်းရင်းသားများတယ်။ ဒါပေမယ့်ဘုံက တရုတ်စာပဲသုံးတယ်။ အန္ဒိယ မှာလဲ အဲဒီသလိုဘဲ။ ထိုင်းမှာလဲ တိုင်းရင်းသားများတာဘဲ။ ဒါပေမယ့် ထိုင်းစာ ထိုင်းစကားကိုဘဲ ဘုံသုံး သုံးတယ် ။ ဒါကြောင့် တိုင်းရင်းသားများတဲ့ ကျနော်တို့နိုင်ငံမှာလဲ မြန်မာစာ မြန်မာစကားဘဲ ဘုံအဖြစ်အသုံး ပြုရလိမ့်မယ်” - ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားသွားသည်ဟု ဝမ့်ဟိုင်းအရာရှိတဦး ကပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့် တပ်မတော် မူ ၆ ရက်မှာ - တပ်သားသစ်မစုဆောင်းရ၊ အခွန်မကောက်ရ၊ ခွင့်ပြုချက်မရဘဲ တပ်စခန်း သစ်တိုးချဲ့ဆောက်လုပ်ခြင်းမပြုရ၊ ခွင့်ပြုချက်မရဘဲ သွားလာလှုပ်ရှားခွင့်မရ၊ အစိုးရအုပ်ချုပ်ရေးပိုင်း နှင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရ၊ ပြည်သူ့စစ် တပ်ဖွဲ့အားရန် ရှာတိုက်ခိုက်ခြင်းမပြုရ စသည်တို့ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သျှမ်းပြည်ခရီးစဉ်တွင် လားရှိုးမြို့တွေ့ဆုံမှု အပြင် သျှမ်းပြည်မြို့ တော် တောင်ကြီးတွင်လည်း သျှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ်တပ်ဖွဲ့ ၂၇ ဖွဲ့မှ ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ ကြောင်း သိရပါသည်။