အပစ်ရပ်မူကြမ်းအတွက် စကားလုံးသုံးနှုန်းမှု မတူညီခြင်းကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေး

အပစ်ရပ်မူကြမ်းအတွက် စကားလုံးသုံးနှုန်းမှု မတူညီခြင်းကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေး
by -
မဇ္ဈိမ

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ( NCCT) တို့ ရေးဆွဲထားသည့် တစ်နိုင်ငံလုံုးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူကြမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရာ စကားလုံးအသုံးအနှုန်းများ ကွာဟနေသဖြင့် ရလဒ် တစ်စုံတစ်ရာ မထွက်ရှိခဲ့ဘဲ ထပ်မံဆွေးနွေးရန် နှစ်ဖက် သဘောတူညီခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ နာဂပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းက ဧပြီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ မူကြမ်း နှစ်ခုကို ပူးပေါင်းပြီး အပစ်ရပ် မူကြမ်း တစ်ခုတည်း ရေးဆွဲရန် မူလက သတ်မှတ်ထား သည့် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ဆွေးနွေးမှု ရလဒ် တစ်စုံတစ်ရာ တိကျစွာ မထွက်ရှိခဲ့သဖြင့် ဧပြီ ရ ရက်၊ နံနက် ၉ နာရီမှ စ၍ ထပ်မံဆွေးနွေးရန် နှစ်ဖက်သဘောတူညီထားသည်။

ဦးလှထွန်းက “တကယ်ဆို အစက သတ်မှတ်ထား သလိုပဲ ၂ ရက်နဲ့ ပြီးရမယ်ဆိုတာ မှန်တာပေါ့ဗျာ။ ဒီအစည်းအဝေးမတိုင်ခင်ကတည်းကသာ အပြင်မှာ တစ်ဖက်ကို ကိုယ်စားလှယ် ၄၊ ၅ ယောက်စီနဲ့ ရေးထား တဲ့မူတွေကို အရင်ပြမယ်ဆိုရင် ဒီလိုစကားလုံး အသုံးအနှုန်းတွေက ခုမှ ပြင်စရာမလိုဘူး။ အခုက လိုရင်း မရောက်သေးဘူး၊ ထပ်အသေးစိတ်ဆွေးနွေးရမယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်း ရေးစင်တာတွင် ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် ကျင်းပခဲ့ ပြီး ဧပြီ ၆ ရက်တွင်  NCCT ဘက်မှ ကိုယ်စားလှယ် ကိုးဦးနှင့် အစိုးရဘက်မှ ကိုယ်စားလှယ် ကိုးဦးတို့က အပစ်ရပ်မူကြမ်းအတွက် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်သဘောတူ အပစ်ရပ်မူကြမ်းတစ်ခုတည်း ရေးဆွဲ ပြီးပါက အဆိုပါမူကြမ်းပေါ်မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးမည်ဖြစ်သည်။

အပစ်ရပ်မူကြမ်းအတွက် စကားလုံး အသုံးအနှုန်း ကွဲပြားနေသည်များမှာ အစိုးရဘက်မှ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်များ ချုပ်ဆိုသော”ဟု သုံးနှုန်းထားပြီး၊  NCCT ဘက်က မူကြမ်းတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေး အဖွဲ့များအကြား ချုပ်ဆိုသော” စသည်ဖြင့် မတူညီသော အချက်များရှိနေပြီး ယင်းအချက်များကို ညှိနှိုင်းနေရ ခြင်းဖြစ်သည်ဟုလည်း ဦးလှထွန်းကဆိုသည်။

ဦးလှထွန်းက ““မူကြမ်းမှာ တိုင်းရင်းသားတွေဘက်က စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ဆိုတာမျိုး သုံးချင်တယ်၊ အစိုးရဘက်က အခြေခံဥပဒေနဲ့ မကိုက်ညီလို့ တူညီတဲ့ စကားလုံးရှာမယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ဆိုတာမျိုး သုံးမရဘူးဆိုတာတွေ။ အဓိကကတော့ ဒီနှစ်မျိုးပဲ”ဟု ပြောသည်။

နှစ်ဖက်ရေးဆွဲထားသည့် မူကြမ်းများမှာ အခန်းများ၊ ရည်ရွယ်ချက်များ ဆိုင်ရာ အချက်အလက်များမှာ တူညီ သလောက် ဖြစ်နေသော်လည်း စကားလုံး အသုံးအနှုန်းများကြောင့် အဓိပ္ပါယ်ကွာဟမှုများ ဖြစ်လာနိုင် သည်ကို ဆက်လက်ညှိနှိုင်းနေရခြင်း ဖြစ်သည်ဟုလည်း ဦးလှထွန်းက ဆိုသည်။

ဆွေးနွေးပွဲတွင် မူကြမ်းတစ်ခုလုံး ဆွေးနွေးသွားရန် စီစဉ်ထားပြီး လက်ရှိအခန်း ခုနစ်ခန်းအနက် အခန်း(၁) ကိုသာ ဆွေးနွေးဖြစ်သည်ဟုလည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

“နောက်ရက်တွေမှာထပ်မံ ဆွေးနွေးမယ်။ မူကြမ်းတစ်ခုလုံးကို ပြီးပြတ်ဆွေးနွေးဖို့တော့ စီစဉ်ထားတယ်၊ ခေါင်းဆောင်တွေကတော့ ဘယ်လိုလုပ်မယ် မပြောတတ်သေးဘူး”ဟု ၎င်းက ဆိုသည်။

အပစ်ရပ် မူကြမ်းရေးဆွဲရေးအတွက် ဧပြီ ၅ ရက် ဆွေးနွေးပွဲတွင် NCCT မှ ကိုယ်စားလှယ်ခေါင်းဆောင် များ အပါအဝင် တစ်နိုင်ငံလုံး အပစ်ရပ်ရေးတွင် ပါ၀င်ဆွေးနွေးထားခြင်း မရှိသေးသည့် ပြည်နယ်အဆင့် အပစ်ရပ်ထားသည့်  အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပစ်ရပ်ရေး မပြုလုပ်ထားသည့် အဖွဲ့ကိုယ် စားလှယ်များ၊ အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လွှတ် တော်မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ကိုယ်စားလှယ်များ တတ်ရောက်ကာ ဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးမူကြမ်း ရေးဆွဲရာတွင် အခန်းခုနစ်ခန်းဖြင့် ရေးသားမည်ဖြစ်ကာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်မည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာအာမခံချက်များ အစရှိသည့် အခန်းများ ပါ၀င်မည် ဖြစ်သည်။

Most read this week