၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တောင်ကြီးခရိုင်)နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်)တို့ ပူးပေါင်းဆန္ဒဖော်ထုတ်ပွဲကို မတ်လ ၂၉ ရက်တွင် တောင်ကြီးမြို့၌ စတင် ကျင်းပခဲ့သည်။
ဖွဲ့စည်းပုံတွင်ပါ၀င်သည့် ပြည်သူကလိုလားနေသည့် ပြည်သူ့ခေါင်းဆောင် သမ္မတဖြစ်ခွင့်ကို အဟန့်အ တားဖြစ်နေသည့် ပုဒ်မ-၅၉(ဃ)နှင့်(စ)ကို ပယ်ဖျက်ပေးရေး၊ ပြုပြင်ပြောင်းလဲမှှုတွင် များစွာအဟန့်အတား ဖြစ်စေပြီး စစ်အာဏာရှင်များ တည်မြဲရေးကို ကာကွယ်ပေးသည့် ပုဒ်မ-၄၃၆ကို ပြင်ဆင်ပေးရေးရည်ရွယ် ပြီး ပုဒ်မသုံးခုပြင်ဆင်ရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု တောင်ကြီးအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်မောင် တိုးက ဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို နိုင်ငံတော်အစိုးရအနေနဲ့ သိရှိဖို့ရယ် ဖွဲ့စည်းပုံပြင်ဆင်လိုစိတ်မရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုကို ရှမ်းပြည်နယ်လူထုက ဒီလိုသဘောထားရှိတယ်ဆိုတာတွေ သိရှိ နိုင်ဖို့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်တယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေ၊ ရွာငံ၊ ပင်းတယ၊ ကလော အစရှိသည့် မြို့နယ် (၇)မြို့နယ်မှ ကိုယ်စားလှယ်များ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် ပါ၀င် တက် ရောက်ကြသည်။
တောင်ကြီးခရိုင် အန်အယ်လ်ဒီနှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရှမ်းပြည်) တို့ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အခြားတိုင်းရင်းသားများ၊ ရဟန်းသံဃာများ ဦးရေ၂၀၀ ကျော်ခန့် ပူးပေါင်းပါ၀င်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ကျွန်တော်တို့ ၈၈ မျိုးဆက်အနေနဲ့ တစ်နိုင်ငံလုံး စည်းဝေးဆုံးဖြတ်ချက်မှာ ပြည်သူကို မျက်ရည်သုတ်ပေးတဲ့အလုပ်လည်း လုပ်မယ်၊ အန်အယ်လ်ဒီနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမယ် ဆုံးဖြတ်ခဲ့လို့ ယခုလို သူတို့နဲ့ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်”ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်)မှ ဦးနေမျိုးက မဇ္ဈိမကို ပြောသည်။
ဆန္ဒဖော်ထုတ်ခြင်း စတင်အပြီး နံနက်ပိုင်းတွင် စိန်ပန်းရပ်ကွက်၊ အောင်မြေဘုံစံကျောင်းတိုက်၌ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)၊ (ဃ)၊ ပုဒ်မ ၄၃၆ ပြင်ဆင်လိုခြင်းနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ် စောက်မြို့နယ်ဥက္ကဋ္ဌက ရှင်းလင်းပြောဆိုခြင်း၊ အဖွဲ့အစည်းအသီးသီးမှပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခဲ့သည်။
အောင်မြေဘုံစံကျောင်းတိုက်မှတစ်ဆင့် အောင်သပြေလမ်း၊ အနောက်မြို့ပတ်လမ်း၊ တောင်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်းတို့ကိုဖြတ်သန်းကာ ဗိုလ်ချုပ်ကြေးရုပ်တွင် ကျဆုံးပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြပြီး မွန်းလွဲ ၁ နာရီခွဲတွင် ဆန္ဒပြမှုပြီးဆုံးခဲ့သည်။