မွန်ပြည်နယ် မတ်လ ၃၀ ရက်နေ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ကောက်ယူချိန်အတွင်း ခဲတံ အသုံးပြုရာတွင် ခဲဆံများ လွယ်ကူစွာ ကျိုးနေသည်ဟု သန်းခေါင်စာရင်းကောက် ဆရာမများက ဆိုသည်။
၎င်းခဲတံသည် သန်းခေါင်စာရင်းကောက်သည့်အချိန်တွင် အဓိကသုံးပြုရသော ပစ္စည်းဖြစ်သည်။ မေးခွန်း ၄၁ ချက် ဖြေဆိုရာတွင် အဖြေများကို ခဲတံဖြင့် ခြစ်ရသော်လည်း ခဲဆံများ လွယ်ကူစွာ ကျိုးသောကြောင့် ခြစ်သည့်အချိန်တွင် ထိန်းနေရခြင်း ဖြစ်သည်ဟုလည်းဆို ထားသည်။
စာရင်းကောက်ယူသည့် ဆရာမ လဲ့လဲ့မင်းက ’’သန်းခေါင်စာရင်းကောက်တာ အာလုံး အဆင်ပြေပါတယ် ခဲတံမကောင်းလို့ စိတ်ညစ်ရတယ် ခဲတံက ခဏခဏ ကျိုးနေတော့ ကောက်ရင်းနဲ့ ချွတ်နေရတယ် အချိန်တွေနောက်ကျသွားမှာလည်း ကြောက်တယ် ဒီနေ့ ကျွန်မနားမှာ အရံရှိသေးလို့ တော်သေးတယ်’’ ဟု ပြောသည်။
စာရင်းကောက်ရာတွင် အသုံးပြုသည့်ခဲတံသည် ဆရာမတစ်ဦးလျှင် ခဲတံ ၂ ချောင်းသာရပြီး သင်တန်းတက်ချိန် အတွင်း ၁ ချောင်းရရှိသည်ဟုလည်း ၎င်းဆရာမက ဆိုသည်။
စာရင်းကောက်ဆရာ မြင့်စိုးက ’’သန်းခေါင်စာရင်းကောက်ယူနေချိန်မှာ အသုံးပြုတဲ့ ခဲတံက တော်တော်လေးကို အခြေအနေဆိုးနေတယ် ကျွန်တော်တို့က ကုန်သွားရင် ဘယ်မှာသွားတောင်းရမလဲမသိဘူး စာရင်းစစ်ကတော့ သူမှာလည်း ၂ ချောင်းပဲရှိတယ်လို့ပြောတယ်’’ ဟုပြောသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာညီညီက သန်းခေါင်စာရင်း ကောက်ယူချိန်တွင်အသုံးပြုသည့် ခဲတံဖြင့်သာ စက်ကဖတ်သည် ဟုပြောသည်။ ယခုသန်းခေါင်စာရင်းအတွက် အသုံးပြုသောစက်မှာ ဂဏန်းများနှင့်ခဲတံမှ ခြစ်သောအမှတ်အသားကို စကန်ဖတ်စက်ဖြင့်ဖတ်သွားမည်။
သန်းခေါင်စာရင်း ကောက်ယူသည့်ရာတွင် 2B ခဲတံကိုအသုံးပြုမှသာ အချက်အလက်များ ကွန်ပျူတာစက်သို့ ထည့်သွင်းနိုင်မည်ဖြစ်သော်လည်း မြန်မာဘာသာနှင့်ဖတ်နိုင်ရန်အတွက် အခက်ခဲရှိကြောင်းလည်း ၎င်းညွန်ကြားရေးမှူးက ဆိုထားသည်။
ကောက်ယူရရှိသော အချက်အလက်များကို လုံခြံုစွာ လျှို့ဝှက်ထားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ဥပဒေအရ စာရင်းအင်းဆိုင်ရာ အချက်အလက်မှတပါး အခြားမည်သည့်ကိစ္စတွင်မျှ အသုံးပြုမည်မဟုတ်ဟုလည်းဆိုထား သည်။