လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို သမ္မတကိုယ်တိုင် ပယ်ချသင့်ဟု လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို သမ္မတကိုယ်တိုင် ပယ်ချသင့်ဟု လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း
by -
မဇ္ဈိမ

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပြဌာန်းရေးအဆိုကို သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့က ပယ်ချသင့်သည်ဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ် ၂၅ ရက်တွင် တိုက်တွန်း လိုက်သည်။

ထိုသို့ခွဲခြားသော ဥပဒေမျိုးကို အတည်ပြု ပြဋ္ဌာန်းပါက မြန်မာနိုင်ငံသို့ ပေးနေသော အကူအညီနှင့် ရင်းနှီးမြှုပ်နှံ မှုများ ရပ်တန့်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်ကို မြန်မာ့အလှူရှင်များက အတိအလင်း ထုတ်ဖော် ပြောထားသင့်သည်ဟု HRW ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“မြန်မာ့အိမ်ထောင်ရေး ဥပဒေမှာ အရေးပါဆုံးဖြစ်တဲ့ ခွဲခြားရေး ဥပဒေကို ပြဋ္ဌားန်ဖို့ ကြိုးစားနေကြတာဟာ အတော်အံ့အားသင့် ဖို့ ကောင်းတယ်။ အမျိုးသမီးများ မိမိကြင်ယာ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ဒီဥပဒေက ဖယ်ရှား ပစ်လိုက်တာပဲ။ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်မှာ အဓိကနောက် ပြန်ဆွဲမှုကြီး တစ်ခု ဖြစ်မှာပဲ”ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အာရှညွှန်ကြားရေးမှူး ဘရက်ဒက်ဒမ်က ပြောသည်။

ဤဥပဒေပါ အချက်များသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အခြေခံ လူ့အခွင့်အရေးများကို လည်း ချိုးဖောက်နေကြောင်း HRW က ဖော်ပြသည်။

၎င်းပြင် မြန်မာနိုင်ငံ ကိုယ်တိုင် ပါဝင်လက်မှတ် ရေးထိုးထားသော အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပုံစံမျိုး ဖယ်ရှားရေး သဘောတူညီချက် အပိုဒ် (၁၆) စီဒေါစာချုပ်ကိုလည်း ချိုးဖောက်ရာ ကျသည်။

ထိုသဘော တူညီချက်အရ အမျိုးသမီးနှင့် အမျိုးသားများသည် လက်ထပ် ထိမ်းမြားရေး ကိစ္စတွင် ခွဲခြားဆက် ဆံမှုကို အစိုးရများ အနေနှင့် ဖယ်ရှားပေးရန် တာဝန်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယင်းဥပဒေ ပြဌာန်းရေးအတွက် ဦးဆောင် ဆောင်ရွက်ခဲ့သည့် အမျိုးဘာသာစောင့်ရှောက်ရေး ဆရာတော် ဦးဝီရသူက “ဒီဥပဒေ လူ့အခွင့်ရေးကိုချိုးဖောက်ဖို့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာတွေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ပြဌာန်းနိုင်အောင် ကြိုးစားတာပါ”ဟု မဇ္ဈိမကို မိန့်သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သော ဥပဒေလေးခု ပြဌာန်းပေးရေးကိစ္စကို သုံးသပ်စဉ်းစားရန် သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၂၅ရက်က ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းဥပဒေနှင့်ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက “ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေဆိုရင် ဗုဒ္ဓဘာသာတွေပဲလိုက်နာဖို့လိုတဲ့ ဥပဒေမျိုးဖြစ်သင့်ပါတယ်။ လူမျိုးပေါင်းစုံဘာ သာပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာ တစ်မျိုးတည်းကိုပဲ စောင့်ထိန်းရမယ့်ဥပဒေမျိုးကိုနိုင်ငံသား အားလုံးအတွက် ပြဌာန်းမယ်ဆိုရင် ကျန်တဲ့ ဘာသာတွေကို စော်ကားလိုက်တာပဲ”ဟု ဒေါ်ခွန်ဂျာကမဇ္ဈိမကို ပြောသည်။

ယင်းဥပဒေနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “ဥပဒေဆိုတာနိုင်ငံ တစ်ခုရဲ့ လိုအပ်ချက် တွေအရ အဖြစ်မနေပြဌာန်းတာဖြစ်တယ်ဖို့ ကြိုးစားကြတာဖြစ်တယ်။ မသိသေးဘဲနဲ့ ကိုယ်မကြိုက်တဲ့ အချက်တစ်ခုတည်းကို ကြည့်ပြီး သူများနိုင်ငံက ဥပဒေကို ကျော်လွန်ကန့်ကွက်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲ” ဟု ဆိုသည်။

မျိုစောင့်ဥပဒေဟု ခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း” နှင့် “ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ ကြမ်း”တို့ ဖြစ်သည်။

အဆိုပါ ဥပဒေနှင့်ပတ်သက်၍ ဖန်တီးအိမ်အမျိုးသမီးအဖွဲ့ ဦးဆောင်မှုဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က “လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေက လူ့အခွင့်ရေးနဲ့ မကိုက်ညီသလို နိုင်ငံသားတွေရဲ့ရပိုင်ခွင့်နဲ့ လည်းမကိုက်ညီပါဘူး။ တိုင်းရင်းသား အချင်းချင်းမှာတင် ဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ မကိုးကွယ်သူကြားမှာ ခွဲခြားခံရတယ်လို့ ယူဆနိုင်ပါတယ်” ဟုပြောသည်။

ထိုဥပဒေကြမ်းနှစ်ခုကို ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လူထုကြား စတင်ဖြန့်ဝေခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် သမ္မတက အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေလေးခု ပြဌာန်းပေးရေး ကိစ္စအား သုံးသပ်စဉ်းစားရန် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာပေးပို့ခဲ့ သည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆရာတော်များက သမ္မတထံသို့ ပေးပို့ခဲ့သော ဥပဒေ ကြမ်းများကို သမ္မတကပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခြင်းဖြစ်သည်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၉ ရက်နေ့စွဲဖြင့် သမ္မတထံ ပေးပို့ခဲ့ခြင်းဖြစ်ကာ အမျိုးဘာသာသာသနာနှင့် တိုင်းပြည်အကျိုး ကို စောင့်ရှောက်ရန်လိုလားသော ဦးဆောင်ဆရာတော်များ၊ နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ အပါအဝင် နိုင်ငံသား ၁၃ သန်းကျော်က လက်မှတ်ရေးထိုး ထားသည်။

ယင်းဥပဒေလေးရပ်မှာ (က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (ခ) လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ (ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် (ဃ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။

အဆိုပါ ဥပဒေလေးခုသည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့သော ဥပဒေများဖြစ်သည်။