ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံစီ ရပ်ကွက် ၄တွင် မတ်လညနေပိုင်း ထိုင်းစံတော်ချိန် ၉နာရီခွဲမှ ၁၀နာရီကျော်အထိ မီး လောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၅၀ကျော် မီးလောင်ပျက်စီးသွားခဲ့သည်ဟု မယ်လစခန်းဥက္ကဌက ခန့်မှန်းပြောဆိုသည်။
မယ်လစခန်းဥက္ကဌ စောအောနက်စ်က “လူနေအိမ် ၅၀ကျော် ပါသွားမယ်ထင်တယ်။ အခြေအနေ အတိအကျ ကိုတော့ မနက်ဖြန် မှ သိရမယ်။ လောလောဆယ် မီးသတ်ကား ၄-၅စီးရောက်လာလို့ အခု မီးငြိမ်းသွားပါပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ မည်သို့ စတင်ဖြစ်ပွားသည်ကို အတိအကျ မသိရှိရသေးသော်လည်း မီးကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရသူများ မရှိကြောင်း စောအောစ်နက်က ဆက်ပြောသည်။
မီးလောင်မှုတွင် ကိုယ်တိုင် မီးငြိမ်းသတ်ခဲ့သူ စောညမွှေးက “ဘယ်က စလောင်တာလဲတော့ အတိအကျ မသိဘူးဗျ။ မီးလောင် တာ တအားမြန်တာပဲ။ မီးသတ်နိုင်တာက လူအင်အားများတာလည်း ပါပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
နေအိမ် မီးလောင်ကျွမ်းခံရသူ တီးဂျိုးက “အခု ငါ့မှာ ထမင်းအိုးလည်း မရှိတော့ဘူး။ မနက်ဖြန် ဘာနဲ့ သွားစားမလဲတော့ မသိ ဘူး။ အခု လောလောဆယ် သူများ ပုဆိုးငှားပြီး ၀တ်နေရတယ်။ ကျနော့်မှာ မိသားစု ၄-၅ယောက်ရှိတယ်လေ”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၏ မြောက်ဘက် ကီလိုမီတာ ၆၀ကျော် အကွာအဝေးရှိ မယ်လဒုက္ခသည်စခန်းမှာ ထိုင်း-မြန်မာနယ်စပ် တွင် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်ပြီး ဒုက္ခသည်ပေါင်း လေးသောင်းကျော် နေထိုင် လျှက်ရှိသလို ယမန်နှစ် ဒီဇင်ဘာလကလည်း မီးလောင်ခဲ့ရာ အိမ်ခြေ ၁၂၀ ပျက်စီးသွားခဲ့သည်။