ပြုပြင်ပြောင်းလဲရေး ဘယ်လဲ၊ ဘာလဲ

ပြုပြင်ပြောင်းလဲရေး ဘယ်လဲ၊ ဘာလဲ
by -
မဇ္ဈိမ

၂၀၁၀ ခုနှစ် အစိုးရသစ်တက်လာပြီးနောက် သမ္မတဦးသိန်းစိန်က သန့်ရှင်းသည့်အစိုးရ၊ကောင်းမွန်သည့် အုပ်ချုပ်ရေးဟု ကြွေးကြော်လျက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့သည်။ သို့သော် အဆိုပါ ပြုပြင်ပြောင်း လဲမှုများသည် မြန်ဆန်လွန်းနေပြီး အကျိုးသက်ရောက်မှုနည်းလျက်ရှိနေသည်ဟု သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူက ထုတ်ဖော်ပြောဆို လိုက်သည်။

ပညာရှင်လည်းဖြစ်၊ သမ္မတဖြစ်သူ၏ အကြံပေးလည်းဖြစ်သူ၏ သတိပေးစကားသည် အထူးသတိပြုရ မည့် သတိပေးချက်ဖြစ်သည်။

“မြန်မာ့စီးပွားရေးအခြေအနေက အချိန်တိုအတွင်း ပြန်ပြီးပြုပြင်လုပ်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ပြီးတော့ အကောင်အထည်ဖော်တဲ့ ပုံစံတွေကလဲ ဦးတည်ချက်သိပ်မရှိဘဲ ရှိသမျှ အားလုံးကို လိုက်လုပ်နေတော့ အဲဒါက ပြဿနာဖြစ်နေတယ်”ဟု စီးပွားရေးအကြံပေး ခေါင်းဆောင်ဖြစ်သူ ဦးမြင့်က သတိပေးသည်။

နိုင်ငံရေးနယ်ပယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲဝင်နိုင်ရန် ဖန်တီးပေးခြင်းမှ အစ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ သတင်းစီးဆင်းမှုနှင့် သတင်းလွတ်လပ်ခွင့်တို့ကို အစဉ် အဆက် ထိန်းချုပ်၊ ဖြတ်တောက်လေ့ရှိသည့် စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေးခဲ့ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လာနိုင်ခြင်း စသည့် အကောင်းရှုမြင်ရန် ရှိသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ပြီးနောက် သိသိသာသာ ပေါ်ထွက်လာသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြီးမြောက်ပြီးနောက် ဒုက္ခသည်များ အိမ်ပြန်လာရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများအတွက် အစိုးရတွင် တိကျသည့် အစီအစဉ်များ ချမှတ်ထားဟန်မတူ ပေ။ ထို့ကြောင့် ပညာရှင်များ၊ လေ့လာသုံးသပ်သူများ၏ ထောက်ပြဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်မှ နောက်ကျနေခဲ့မှု၊ ဖွံ့ဖြိုးမှုမရှိသေးခြင်းတို့အတွက် အခြားနိုင်ငံများကို အမီလိုက်နိုင်ရန် မြန်နှုန်းမြှင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ဖြစ်သော်လည်း ပြုပြင်ပြောင်းလဲမှုများအတွက် တိကျသည့်စီမံမှုများဖြင့် ဦးတည်ချက်မပျောက်အောင် လုပ်ဆောင်သင့် သည်။

သမ္မတဦးသိန်းစိန်ကိုယ်တိုင်ပင်လျင် “စီးပွားရေး ပြုပြင်ပြောင်းလဲရေးပုံစံချမှု ဖြစ်စဉ်များကို ကြည့်ရင် နိုင်ငံ အတွက် စီးပွားရေးအောင်မြင်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာ ကို တွေ့ရမှာဖြစ်ပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ရန်ကုန်တိုင်းလွှတ်တော်တွင် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံစဉ် ၀န်ခံပြောကြားခဲ့သေးသည်။

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များနှင့်အတူ ၀န်ကြီးဌာနများ၏ လုပ်ငန်းမကျွမ်းကျင်မှု၊ ပေးထားသည့် ကတိက ၀တ်များကို ဖြည့်ဆည်းပေးနိုင်မှု နည်းပါးခြင်းများကိုလည်း အစိုးရသက်တမ်း သုံးနှစ်အတွင်း မြင်တွေ့ရ သည်။ အခွန်ထမ်းဆောင်သည့် ကုမ္ပဏီများကို မှားယွင်းထုတ်ပြန်မှု၊ ၀န်ကြီးဌာနများ၏ ကတိကဝတ်များ မတည်မှုတို့အတွက် လွှတ်တော်အမတ်တို့၏ ဝေဖန်မှုများက သက်သေပင်ဖြစ်သည်။

လတ်တလောတွင် လျှပ်စစ်သုံးစွဲခများ တိုးမြှင့်ကောက်ခံလိုက်ပြီး အကြောင်းပြချက်အဖြစ် လျှပ်စစ်ပေးနိုင် သည့်ဧရိယာတိုးချဲ့ခြင်း၊ ပြည်သူတို့ လျှပ်စစ်သုံးစွဲနိုင်မည့် ပမာဏ တိုးမြှင့်ပေးရန် ရည်ရွယ်ရင်းဖြစ်သည်ဟု ကတိနှင့် ဖြေရှင်းချက်ပေးသည်။ သို့သော် ကျေးလက်ဒေသများရှိ ပြည်သူများ လျှပ်စစ်သုံးစွဲနိုင်မည့် ရေတိုအစီအစဉ်၊ ရေရှည်အစီအစဉ်များ ချမှတ်ထားဟန်မရှိပေ။

အလားတူပင် နယ်စပ်ဒေများရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေး၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ ဖြေရှင်းရန်အပြင် ထိုဒေသရှိ ဒုက္ခသည်များ ပြန်လည်ထူထောင်ရန် ကိစ္စရပ်များလည်း ရှိနေ သေးသည်။ အစိုးရ၏သက်တမ်း ထက်ဝက်ကျော်လာပြီဖြစ်ပြီး သက်တမ်းအနည်းငယ်ပင် ကျန်ရှိတော့သည့်အချိန်တွင် ပြုပြင်ပြောင်းလဲရေး “ဘယ်လဲ ဘာလဲ”ဆိုသည့် မေးခွန်းကို အဖြေထုတ်ပေးနိုင်ရန် ခက် ခဲနေသေးသည်။