သန်းခေါင်စာရင်းအကြောင်းကို ကောက်ယူသည့်အခါတွင် ရှင်းပြပေးသွားမည်

သန်းခေါင်စာရင်းအကြောင်းကို ကောက်ယူသည့်အခါတွင် ရှင်းပြပေးသွားမည်
by -
ချမ်းစွန်သတင်း

သန်းခေါင်စာရင်းအကြောင်းနှင့် ပတ်သက်သော အသိပညာပေးခြင်းကို ကောက်ယူသည့်အချိန်မှ စာရင်းစစ် စာရင်းကောက်များက ရှင်းပြပေးသွားမည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ဦးဝင်းရဲထွန်းက ပြောသည်။

သူက“ပြည်သူတွေက သန်းခေါင်စာရင်းအကြောင်းကို အသေးစိတ်သိဖို့မလိုဘူး စာရင်းစစ် စာရင်းကောက်တွေ သွားကောက်တဲ့အချိန်မှ ပြောပြပေးသွားမယ် ပြည်သူတွေက သေသေချာချာဖြေပေးဖို့လိုတယ်” ဟု ဦးဝင်းရဲထွန်း ပြောသည်။

မော်လမြိုင် စျေးကြိုရပ်တွင် စျေးရောင်သူ ဒေါ်စုစုချောက “ကျမက စျေးရောင်းနေရတယ်လေ မေးခွန်းတွေ များတယ်ဆိုတော့ ကျမလည်း အချိန်သိပ်မပေးနိုင်ဘူးထင်တယ် အမှန်က ကောက်တဲ့ချိန်မှ ရှင်းပြတာက သိပ်အဆင်မပြေဘူးထင်တာပဲ” ဟု ပြောသည်။

သူမက“တချိူ့က ဖြေရမယ့်ပုံစံတွေကိုကြိုတင် မိတ္တူးကူးထားတယ် ကျမတို့လည်း ကူးထားတယ် ဖြေစမ်းကြည့် ထားတယ် ဒါမှ လာကောက်တဲ့ခါကျရင် အချိန်ကုန်နည်းမှာလေ” ဟုပြောသည်။

မော်လမြိုင်မြို့နယ် သန်းခေါင်စာရင်းစစ် အထူးနည်းပြဖြစ်သော ဒေါ်မမနှင်းဦးက သွားကောက်မည့် စာရင်းစစ် စာရင်းကောက်ဆရာ ဆရာမများသည် ပြည်သူများနားလည်စေရန် သေချာစွာရှင်းပြပေးရန်တာဝန်ရှိသည်ဟု ပြောပါသည်။

သူမက“သွားကောက်ဖို့ကို အိမ်တွေကို ကြိုတင်အကြောင်းကြားထားမယ် အချိန်မပေးနိုင်တဲ့နေအိမ်တွေ လယ်ယာ စိုက်ခင်း၊ လုပ်ငန်းခွင်ထဲမှာ ရောက်ရှိနေတဲ့ သူတွေကိုလည်း ရောက်လာမယ့်အချိန်မှ ပြန်လည်လာရောက် ကောက်သွားပေးမယ် မကျန်စေရဘူးလေ” ဟုဆက်ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရန် စာရင်းစစ်၊ စာရင်းကောက်သော ဆရာ ဆရာမများကိုမွန်ပြည်နယ်တွင် ပြည်နယ် အဆင့် ၂၄ဦး၊ ခရိုင်အဆင့် ၃၄၄ ဦးကို သင်တန်းပို့ချပြီးစီးသွားခဲဲ့ပြီး မတ်လ ၁၇ မှ ၂၁ ရက်နေ့ အထိ တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၀၀ ကျော်ကို မြို့နယ်အဆင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် ပို့ချနေပြီးဟု ဦးဝင်းရဲထွန်းက ပြောသည်။

မွန်ပြည်နယ်တွင် စာရင်းစစ် စာရင်းကောက်ဆရာမပေါင်း ၄၆၆၆ ဦးရှိပြီး ထိုအထဲတွင် နည်းပြပေါင်း ၃၄၄ ဦး ရှိပြီး နည်းပြများသည် သက်ဆိုင်ရာ မြို့နယ်အလိုက်တွင် စာရင်းစစ် စာရင်းကောက် ဆရာ ဆရာမ များကို သင်တန်းပို့ချပေးသွားရမည်ဖြစ်သည်။