အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မတ် ၈ ရက်တွင် တစ်ပြိုင်တည်း ကျင်းပမည်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မတ် ၈ ရက်တွင် တစ်ပြိုင်တည်း ကျင်းပမည်
by -
မဇ္ဈိမ

မတ်လ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မြန်မာနိုင်ငံအတွင်း ပြည် နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုရှိ မြို့နယ်ပေါင်း ၂၃ မြို့နယ်၊ ကျေးရွာပေါင်း ၆၇ ခုတို့တွင် တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၂၀၁၄ ခုနှစ် အခမ်းအနားကျင်းပရေးကော်မတီတွင် အမျိုးသမီး အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ပါ၀င်ပြီး ယခုနှစ်အတွက် “အကြမ်းဖက်မှုကင်းစင်ဖို့၊ အမျိုးသမီးများ ဘဝမြှင့် တင်လို့ အပြောင်းအလဲတစ်ခုဖြင့် စတင်စို့” ဆောင်ပုဒ်ကို သတ်မှတ်ထားရှိပြီး နှစ်စဉ် မတ်လ ၈ ရက် သည် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းမှ သတ်မှတ်လက်ခံထားသော အပြည်ပြည်ဆိုင်ရာနေ့ တစ်နေ့ဖြစ်ကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိရှိစေရန်၊ မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီးအဖွဲ့များနှင့်ကွန်ရက်များ ချိတ်ဆက်ပူးပေါင်း ဆက်သွယ်ဆောင်ရွက် သော အလေ့အကျင့်များ ထွန်းကားစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များတွင် အမျိုးသမီးများ၏ ပူးပေါင်းပါ၀င်ဆောင်ရွက်မှု အခန်းကဏ္ဍများကို အများပြည်သူများ ပိုမိုသိရှိ တန်ဖိုးထား တတ်စေရန်၊ မြန်မာနှင့် ကမ္ဘာတစ်ဝန်းမှ ထူးချွန်ထင်ရှားကျော်ကြားသည့် အမျိုးသမီးများ၏ စွမ်းဆောင် ရည်ကို သိရှိစေရန် ရည်ရွယ်ချက်များဖြင့် အခမ်းအနားများကို ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် သီချင်း၊ သံချပ်၊ ပြဇာတ်၊ ကွက်စိပ်၊ အမျိုးသမီးအဖွဲ့များ၏ လှုပ်ရှားမှု ဓာတ်ပုံပြခန်းများ ပြသ ခြင်း၊ လက်မှုအနုပညာပစ္စည်းများ ရောင်းချခြင်း၊ စာစီစာကုံးနှင့် အခြားသောပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ လည်း ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ကရင် ပြည်နယ်တွင် ဘားအံ၊ ချင်းပြည်နယ်တွင် မင်းတပ်နှင့် မတူပီ၊ မွန်ပြည်နယ်တွင် မော်မြိုင်နှင့်သထုံ၊ ရှမ်း ပြည်နယ်တွင် တောင်ကြီးနှင့်လားရှိုး၊ ရန်ကုန်တိုင်းတွင် ရန်ကုန်၊ လှိုင်သာယာ၊ တွံ့တေးနှင့်ဒလ၊မန္တလေး တိုင်းတွင် မိတ်္ထီလာနှင့် ညောင်ဦး၊ ဧရာတီတိုင်းတွင် ဖျာပုံ၊ လပွတ္တာ၊ ပုသိမ်၊ ဘိုကလေးနှင့် ဒေးဒရဲ စစ် ကိုင်းတိုင်း၊ ပဲခူးတိုင်းတွင် ပြည်နှင့် လက်ပံတန်းမြို့များတွင် တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ် သည်။

အဆိုပါအခမ်းအနားများသို့ လူပေါင်းခုနစ်ထောင်ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး ပွဲကျင်းပ ရေးအတွက် ကျပ်သိန်းပေါင်း ၃၅၀ ကျော် သုံးစွဲသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စတင် ၍ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဦးဆောင်၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ကျင်းပခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေနှင့် ၂၀၁၂ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် နေပြည်တော်၊ အမျိုးသ မီးရေးရာအဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်ကျင်းပပေးလျက် ရှိသည်။

Most read this week